နောက်ဆုံး တင်သမျှ
Tuesday, 26 July 2016
***နိုင်ငံတော် အခြေပြ မိန့်ခွန်း ကြားချင်ပါတယ်....
NLD အစိုးရအဖွဲ့ အနေဖြင့်
ရက် ၁၀၀ ကာလ ပြည့်သွားပါပြီ။ အစိုးရ သတင်းစာတွေက ရက် ၁၀၀ အစကို မေ ၁ ရက်အဖြစ် သတ်မှတ်ပေမယ့် နိုင်ငံရေး အကဲခတ်တွေနဲ့ ဂျာနယ်လစ်တွေက ဧပြီ ၁ ရက်ကို ရက် ၁၀၀ အစလို့ သတ်မှတ်ပါတယ်။
■ အစိုးရသစ်ရဲ့ ပထမ ရက် ၁၀၀
အစိုးရသစ် တစ်ဖွဲ့ တာဝန်ယူပြီး ပထမ သုံးလတာ ကာလကို ဟန်းနီးမွန်း ကာလအဖြစ် သတ်မှတ်ကြပါတယ်။ ဟန်းနီးမွန်းကာလ ကျော်ချိန်ဟာ တကယ် အလုပ်လုပ်ပြရတဲ့ အချိန်ဖြစ်ပြီး ဒီအချိန် နောက်ပိုင်း အစိုးရတစ်ဖွဲ့ ကောင်းခြင်း၊ ဆိုခြင်း အပေါ် ဝေဖန်ထောက်ပြမှု ပိုများလာတော့မှာ ဖြစ်ပါတယ်။
NLD အစိုးရ လက်ထက်မှာ ရက် ၁၀၀ စီမံချက်ကို ၀န်ကြီးဌာနအလိုက် ပြောခဲ့ကြပါတယ်။ ရက် ၁၀၀ နဲ့ အစိုးရ တစ်ရပ် ဆုံးဖြတ်နိုင်တာ မဟုတ်တဲ့ အတွက် ရက် ၁၀၀ စီမံချက်က မှတ်တမ်း ကျန်နေမှာပါ။
ဒါပေမယ့် အစိုးရသစ်ရဲ့ ပထမ ရက် ၁၀၀ လုပ်ဆောင်မှုများဟာ နိုင်ငံသားတွေရဲ့ ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ နှိုင်းယှဉ်ရင် သိသာ ထင်ရှားတဲ့ ပြောင်းလဲမှုကြီးတွေ မမြင်ရဘူးလို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။ ဒါဟာ ပြစ်တင် ပြောဆိုတာ မဟုတ်ပါဘူး။ နှစ် ၅၀ အလွန် ပထမဆုံး ပေါ်ထွက်လာတဲ့ အရပ်သား အစိုးရဟာ အရှုပ်တော်ပုံ များစွာကို ဖြေရှင်းရမယ် ဆိုတာ လူတိုင်း သိပါတယ်။ ဒါကြောင့် သူတို့ကို ရက် ၁၀၀ နဲ့ အကဲဖြတ် ဆုံးဖြတ်ပေးလို့ မရဘူး ဆိုတာကို အားလုံး လက်ခံထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ်ရဲ့ ပထမ ရက် ၁၀၀ စီမံချက် အများစုဟာ လမ်းသစ်ထွင်ပြီး ဖောက်ထွက်ခြင်း ပုံစံမျိုးထက် အရင်အစိုးရ လက်ထက် မပြီးပြတ်ဘဲ ကျန်နေတဲ့ လုပ်ငန်းတွေကို ဆက်ပြီး အကောင်အထည်ဖော်တဲ့ ပုံစံ ဖြစ်ခဲ့ပါတယ်။
အစိုးရဟောင်းက ထားခဲ့တာတွေကို အစိုးရသစ်က တာဝန်ယူ ဖြေရှင်းပေးရတာ ထုံးစံပါပဲ။ နိုင်ငံတကာမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင် ပေးခဲ့တဲ့ ကတိက၀တ်၊ အာမခံချက်တွေကို ပြည်သူတွေရဲ့ မျှော်လင့်ချက်အတိုင်း လုပ်ဖို့ဆိုရင် သိသာ ထင်ရှားတဲ့ လမ်းသစ် ထွင်ရပါမယ်။
ဥပမာအားဖြင့် ဒီလဆန်းပိုင်းမှာ ဖိလစ်ပိုင် သမ္မတသစ် ဖြစ်လာတဲ့ ဒူတာတေးကို ကြည့်လို့ရပါတယ်။ သူက မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်သူတွေနဲ့ ဒုစရိုက် သမားတွေကို နှိမ်နင်းမယ် ဆိုတဲ့ ပြောဆိုမှုတွေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ သူ သမ္မတ တာဝန်ယူပြီးလို့ ငါးရက် အတွင်းမှာပဲ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ကျူးလွန်သူ ၃၀ လောက်ကို အသေပစ်ခတ် ဖမ်းဆီးပြီး သူ့လုပ်ဆောင်မှုတွေ အတွက် ခြေလှမ်း စခဲ့ပါတယ်။
သမ္မတသစ် ဖြစ်လာတဲ့ ဒူတာတေးက သမ္မတဟောင်း အကွီနို လမ်းစဉ် မလိုက်ဘဲ လမ်းသစ် ထွင်လိုက်တာတာပါ။ တစ်ချိန်တည်းပဲ သူပေးထားတဲ့ အာမခံချက် ကတိကို အချိန် မဆိုင်းဘဲ ပြတ်ပြတ်သားသား လုပ်လိုက်တဲ့ အတွက် မဲပေးခဲ့ သူတွေရဲ့ ယုံကြည်ချက် မြင့်တက်စေပါတယ်။ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု ကျူးလွန်သူတွေကို ပညာပေး ကာလ မထားဘဲ အပြတ် နှိမ်နင်းပြလိုက်တဲ့ ဒူတာတေးရဲ့ မဟာဗျူဟာ မှန်ကန်သွားပါတယ်။
■ သမ္မတ ဦးထင်ကျော်၏ ပထမဆုံး မိန့်ခွန်း
နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံရပြီး ၂၀၁၆ ခုနှစ် မတ် ၃၀ မှာ သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်း ပြောပါတယ်။
ဒီမိန့်ခွန်းမှာ အကောင်အထည်ဖော် လုပ်ဆောင်သွားမယ့် အစိုးရ မူ လေးချက်ကို ပြောခဲ့ပါတယ်။
ပထမ အချက်က အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပါတယ်။ ဒုတိယက ပြည်တွင်း ငြိမ်းချမ်းရေးလို့ ဆိုပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးက တတိယ အချက် ဖြစ်ပါတယ်။ နောက်ဆုံး အချက်မှာ ပြည်သူလူထု အများစု၏ လူနေမှု ဘ၀ အဆင့်အတန်း တိုးတက် မြင့်မားရေးလို့ ပြောခဲ့ပါတယ်။
သမ္မတ ဦးထင်ကျော်ရဲ့ ပထမဆုံး မိန့်ခွန်းဟာ တိုတိုတုတ်တုတ် ဖြစ်ပါတယ်။ လုပ်ဆောင်မယ် ဆိုတဲ့ အချက် လေးချက်မှာ သုံးချက်က နိုင်ငံရေးနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ နောက်ဆုံး ပြောတဲ့ ပြည်သူလူထု အများစုရဲ့ လူနေမှု ဘ၀ အဆင့်အတန်း တိုးတက်ရေးအတွက် အခရာကျတဲ့ စီးပွားရေး ကဏ္ဍကို ဘယ်လို မျှော်မှန်းချက် ထားသလဲ ဆိုတာ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့တာ မရှိပါဘူး။
တစ်ဖက်မှာလည်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက် လုပ်ဆောင်မှုကို ပြန်ကြည့်ရင် နိုင်ငံရေးနဲ့ ဆက်နွှယ်တာကို ဦးစားပေး လုပ်ဆောင်ဖို့ အာသီသ ရှိနေတာကို ပေါ်လွင်စေပါတယ်။ ဒီနေရာမှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် ကြိုးပမ်းမှုက ရှေ့တန်း ရောက်နေပြီး တတိယအချက်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်ရေးဆီ မရောက်သေးပါဘူး။
ဒါကြောင့် ရက် ၁၀၀ စီမံချက် သူတို့ လုပ်ဆောင်မှုတွေမှာ အစိုးရရဲ့ မူလေးချက်အနက် ပထမ နှစ်ချက် ရှေ့တန်းရောက်နေပြီး တတိယ အချက်ဆီ မရောက်သေးပါဘူး။ အရေးကြီးဆုံး တစ်ခုဖြစ်တဲ့ နောက်ဆုံး အချက်အတွက် မျှော်လင့်ချက် ရောင်နီဟာ မျှော်လင့်နေရဆဲ အဆင့်မှာပဲ ရှိနေတာကို သတိပြုရပါမယ်။
■ ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး မိန့်ခွန်း
သမ္မတ ဦးထင်ကျော် ပထမဆုံး မိန့်ခွန်းပြောပြီးလို့ ၁၉ ရက် အကြာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးမိန့်ခွန်း ပြောခဲ့ပါတယ်။
ဒီမိန့်ခွန်းက ရှည်လျားပါတယ်။ သမ္မတ ဦးထင်ကျော် မိန့်ခွန်းနဲ့ မတူဘဲ အုပ်ချုပ်ရေး မူပိုင်းကို ထည့်ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲ မတိုင်မီက ပြည်သူကို တင်ပြခဲ့တဲ့ မူဝါဒကို အခြေခံပြီး ဆောက်တည်သွားမယ့် အုပ်ချုပ်ရေး စနစ်နဲ့ တာဝန်ယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အမျိုးသား ရင်ကြားစေ့ရေးကို ထပ်ပြောပြီး ပြည်သူ အားလုံးကို အစိုးရက တာဝန်ယူမယ်လို့ ဆိုပါတယ်။
ဒီနောက်မှာ တရားစီရင်ရေး မဏ္ဍိုင် တည့်မတ်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေး အပိုင်း ပြောပါတယ်။
တရားဥပဒေ စိုးမိုးရေး ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့၊ ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးဖို့ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပြီး အရင် အစိုးရ လုပ်ခဲ့တာတွေကို ပစ်ပယ်မှာ မဟုတ်ဘဲ ကောင်းတာတွေကို အသိအမှတ်ပြုပြီး အဲဒီ ကောင်းတဲ့ အချက်တွေ အပေါ် အခြေခံပြီး ဆက်သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒီလို လုပ်ဆောင်မှုက တစ်ဆင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ညီလာခံ၊ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး ဒါတွေကို ဆက်ပြောခဲ့ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်တဲ့အခါ ပြည်သူ မနာစေတဲ့ နည်းလမ်း သုံးမှာ ဖြစ်ပြီး ပြည်သူတွေကို မထိခိုက်တဲ့ နည်းတွေ သုံးပြီး နိုင်ငံကို လမ်းကြောင်းမှန်ပေါ် ပို့ဖို့ဟာ အစိုးရသစ်ရဲ့ ခိုင်မာတဲ့ အခြေခံမူ ဖြစ်တယ်လို့ ပြောပါတယ်။
နှစ်သစ်ကူး မိန့်ခွန်းရဲ့ နောက်ဆုံးပိုင်းမှာ နိုင်ငံကို မေတ္တာ၊ သစ္စာနဲ့ အုပ်ချုပ်သွားမယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာလည်း စီးပွားရေး ကဏ္ဍနဲ့ ဆိုင်တာတွေကို ချန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာနဲ့ ယှဉ်တွဲ ဖြစ်ပေါ်နေတာက စီးပွားရေး ကျပ်တည်းမှု ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာ တစ်ခုတည်းကို အာရုံစိုက်နေရင် စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အခက် ကြုံနိုင်ပါတယ်။
အခု ပထမ ရက် ၁၀၀ အတွင်းမှာပဲ သာမန် ပြည်သူတွေရဲ့ နေမှု၊ စားမှု၊ လူနေမှုဘ၀ ဘယ်လောက်အထိ ချောင်လည် နေပြီလဲ၊ ပိုပြီး ဆိုးရွားလာသလား၊ ကုန်ဈေးနှုန်းတွေ မြင့်တက်လာသလား၊ ကျဆင်းသွားလား ဆိုတာ ရက် ၁၀၀ အောင်မြင်မှု အတွက် အာရုံစိုက်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။
ဒီအတိုင်းပဲ တရားဥပဒေ စိုးမိုးမှု အတွက် ဘယ်လောက် လုပ်နိုင်ပြီလဲ၊ မှုခင်း ဖြစ်စဉ်တွေ ကျဆင်း သွားပြီလား၊ အခြေခံ ပြည်သူတွေ ကိုယ်ရော၊ စိတ်ပါ လုံခြုံမှုကို စတင် ခံစားနေရပြီလား ဆိုတာလည်း တိုင်းတာလို့ ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
■ ဘယ်လို ခရီး ဆက်မလဲ
အစိုးရရဲ့ ပထမ ရက် ၁၀၀ ပြည့်သွားပေမယ့် ကဏ္ဍအလိုက် အစိုးရက ဘယ်လို မူဝါဒ၊ ဘယ်လို သဘောထားတွေ အခြေခံပြီး ဆက်သွားမလဲ ဆိုတာ သဲသဲကွဲကွဲ မဖြစ်တာတွေ ရှိပါတယ်။ အရင် အစိုးရရဲ့ မူအတိုင်း ဆက်သွားမှာလား၊ ခုန်ပျံကျော်လွှား ဘယ်လိုစနစ်မျိုး ပြောင်းပြီး လုပ်မလဲ ဆိုတဲ့ အချက်တွေကို အသေးစိတ် ပြောသင့်ပါတယ်။
ရှင်းရှင်းလင်းလင်း မရှိရင် ရှုပ်ထွေးမှု ဖြစ်နိုင်ပါတယ်။ ရက် ၁၀၀ အတွင်းမှာပဲ ပြည်ထောင်စု အဆင့် အုပ်ချုပ်ရေးပိုင်းနဲ့ တိုင်းနဲ့ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့တွေကြား အဆက်အစပ် မမိတာတွေ ရှိခဲ့ပါတယ်။ ဒီအတွက် အထင်ရှားဆုံး ဥပမာက ကွမ်းကိစ္စ ဖြစ်ပါတယ်။
နောက်တစ်ချက်က ၀န်ကြီးဌာန တစ်ခုတည်းမှာပဲ ၀န်ကြီးနဲ့ အတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ အောက်ခြေ အဆင့်ဆင့် ကြားမှာ ဖြစ်နေတဲ့ ကိစ္စတွေပါ။ လူသစ် မူသစ်နဲ့ လူဟောင်း မူဟောင်းတွေ အကြား တွန်းတိုက်မှု ရှိတတ်ပေမယ့် ဘယ်လို ပြတ်ပြတ်သားသား ကိုင်တွယ်မလဲ ဆိုတာ အရေးကြီးပါတယ်။ ပွတ်တိုက်မှုတွေကို ကိုင်တွယ်တဲ့ အခါ မပြတ်သားရင် လူသစ် မူသစ်က ကျရှုံးတတ်လေ့ ရှိပါတယ်။
တစ်ဖက်မှာလည်း စကားလုံးအားဖြင့် ယေဘုယျ ပြောဆိုတာတွေက ဟုတ်သလို ရှိပေမယ့် လက်တွေ့မှာ ဘယ်အပိုင်းတွေကို ဘယ်လို ပုံစံမျိုးနဲ့ ပြောင်းလဲမယ်၊ ဘယ်ကာလမှာ ဘယ်လို ဖြစ်စေဖို့ မျှော်မှန်းချက် ထားသလဲ ဆိုတာ တိတိကျကျ ရှိနေဖို့ လိုပါတယ်။
ဥပမာအားဖြင့် ငြိမ်းချမ်းရေး ကိစ္စကို ပြောနိုင်ပါတယ်။ အပစ်အခတ် ရပ်စဲရေး ကြိုးပမ်းမယ်၊ လက်ရှိ ရှစ်ဖွဲ့ပဲ လက်မှတ် ထိုးထားချိန်မှာ အားလုံး ပါဝင်နိုင်အောင် ကြိုးပမ်းမယ်လို့ ဆိုပါတယ်။ တစ်ပြိုင်နက်တည်း ဆိုသလို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစု ပင်လုံ ညီလာခံ အတွက် ခြေလှမ်း ပြင်ပါတယ်။ အဲဒီအဆင့် မရောက်ခင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးက လက်မှတ်ထိုးဖို့ မစည်းရုံးနိုင်ဘူးဆိုရင် ဘာဆက်လုပ်မလဲ။ အဖြေ လိုအပ်ပါတယ်။
■ နိုင်ငံတော် အခြေပြ မိန့်ခွန်း
ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ ဖြစ်နေတဲ့ အခြေအနေ၊ နိုင်ငံရေး တစ်ခုတည်းတင် မဟုတ်ဘဲ စီးပွားရေး၊ လူမှုရေး၊ အလုပ်သမားရေး၊ လယ်သမားရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစရှိတာတွေ အားလုံး ပါဝင်ပြီး အသေးစိတ် ရှင်းလင်းမှုကို နိုင်ငံတော် အခြေပြ မိန့်ခွန်းက တစ်ဆင့် ပြည်သူ အားလုံး သိခွင့် ရှိသင့်ပါတယ်။
သဘောတရားအားဖြင့် လက်ရှိ အစိုးရဟာ NLD ဦးဆောင်တဲ့ အစိုးရ ဖြစ်တယ်၊ ဒါကြောင့် NLD ရဲ့ မူအတိုင်းသွားမယ်၊ NLD ရဲ့ မူဟာ NLD ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါဝင်ပြီး ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။
ဒါပေမဲ့ အစိုးရတစ်ရပ် ဖြစ်လာပြီ ဆိုရင် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ရမှာတွေ ရှိလာပါပြီ။ စေ့စပ်ညှိနှိုင်းရေး ကိစ္စတွေလည်း ပါဝင်လာပါပြီ။ တခြားနိုင်ငံတွေနဲ့ မတူတဲ့ အချက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော်မှာရော၊ အုပ်ချုပ်ရေးပိုင်းမှာပါ တပ်မတော်က ပါဝင်ခွင့် ရထားတဲ့အတွက် ညှိနှိုင်း လုပ်ဆောင်မှုတွေမှာ ပိုပြီး နက်နဲတာတွေ ရှိလာပါတယ်။
ဒီအခါမှာ ရွေးကောက်ပွဲ မတိုင်ခင်က ပေးထားတဲ့ ကတိက၀တ်၊ အာမခံချက်တွေကို ဘယ်လိုနည်းလမ်းနဲ့ အကောင်အထည် ဖော်မလဲ၊ ဘယ်လို ညှိနှိုင်းမှုတွေ လုပ်သွားမလဲ၊ လုပ်ဆောင်မှုတွေအတွက် အချိန်ကာလ သတ်မှတ်ချက်၊ မျှော်မှန်းချက် စတာတွေကို အစိုးရ အဖွဲ့တွင်း ပြောကြားခြင်းထက် ပြည်သူကို အသေးစိတ် အစီရင်ခံရမှာ ဖြစ်ပါတယ်။
နိုင်ငံတော် အခြေပြ မိန့်ခွန်း ဆိုတာ အစိုးရ တစ်ရပ်ကို ပြည်သူတွေ အကဲဖြတ်စေနိုင်ဖို့ ရှင်းပြတဲ့ လမ်းပြ မြေပုံတစ်ခု ဖြစ်သလို ရွေးကောက်ပွဲ အနိုင်ရ ပါတီတစ်ခုရဲ့ အစိုးရက ပေးထားတဲ့ ကတိက၀တ်၊ အာမခံချက်တွေကို ထပ်ပြီး အတည်ပြု၊ အာမခံချက်ပေးပြီး ပြည်သူကို အစီရင်ခံတဲ့ ဒီမိုကရေစီ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။
ဒီအချိန်မှာ လိုအပ်နေတာက ရက် ၁၀၀ ရလဒ် အစီရင်ခံစာ မဟုတ်ဘဲ အစိုးရ အနေနဲ့ ရှေ့ခရီး ဘယ်လို ဆက်မလဲ ဆိုတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်း ဖြစ်ပါတယ်။
Writer:
နေထွန်းနိုင်