နောက်ဆုံး တင်သမျှ
Sunday, 25 September 2016
လူတိုင်းသိသင့်သော ကလေးသူငယ်အခွင့်အရေး
Child ကို ကလေး (သို့မဟုတ်) ကလေး သူငယ်ဟု သုံးနှုန်းသည်။ ကလေးသူငယ်ဥပဒေ ၁၉၉၃ ကို Child Law(1993) ဟု ပြန်ဆိုသည်။ မြန်မာမှုနယ်ပယ်ကတော့ ကလေး၊ ကလေးငယ် ဟု အသုံးများသည်။ မြန်မာစာအဘိဓာန်မှာတော့ သားငယ် သမီးငယ်/အသက်ငယ်ရွယ်သူများကို 'ကလေးသူငယ်'ဟု သုံးနှုန်းဖော်ပြထားသည်။ မူကြိုပညာရေးတွင် 'Early Childhood' ကို 'ရှေးဦးကလေးသူငယ်'ဟု ဘာသာပြန်ဆိုကြ ပြန်သည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘော တူစာချုပ် အပိုဒ်(၁)တွင် 'ကလေးသူငယ်ဟုဆို ရာ၌ အသက် ၁၈ နှစ်အောက်ရှိ လူသားတိုင်းကို ဆိုလိုသည်'ဟု ဖွင့်ဆိုသည်။ ကလေးသူငယ် ဥပဒေ (၁၉၉၃) တွင် 'ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေးသောသူကို ဆိုလို သည်'ဟု ပြဋ္ဌာန်းထားသည်။ အာဆီယံနိုင်ငံများ တွင် ကလေးသူငယ်၏အသက်ကို မြန်မာ၊ စင်ကာပူက ၁၆ နှစ် ကျန်ရှစ်နိုင်ငံက ၁၈ နှစ် သတ်မှတ်ကြသည်။ ဤနှိုင်းယှဉ်ချက်ကို ကြည့်ရုံ ဖြင့် ကျွန်တော်တို့ နောက်ကျကျန်ခဲ့သည်မှာ ထင် ရှားသည်။
ဤနေရာတွင် ကလေးသူငယ်အသက် သတ် မှတ်ချက်ကွဲလွဲသည်ကို တွေ့ရသည်။ နိုင်ငံ အလိုက် မိမိတို့နိုင်ငံ၏အခြေအနေအရပ်ရပ်အပေါ် မူတည်၍ သတ်မှတ်ကြခြင်းသာဖြစ်သည်။ အရေးကြီးသည်မှာ မိမိတို့နိုင်ငံမှ ကလေးသူငယ် ၏ အခွင့်အရေးများ အပြည့်အဝ ဖြည့်ဆည်းဖော် ဆောင်ကြရန်သာ အဓိကဖြစ်သည်။
လူမှုဝန်ထမ်းဝန်ကြီးဌာနက ကလေးသူငယ် ဥပဒေထက် ပိုမိုပြည့်စုံသည့် 'ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ' မူကြမ်းတစ်ခု ရေးဆွဲ လျက်ရှိသည်။ ဤဥပဒေတွင် ကလေးသူငယ်၏ အသက်သည် ၁၈ နှစ်သို့ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ရေးဆွဲထားသည်။ အလွန်ကောင်းမွန် သော ပြင်ဆင်ပြောင်းလဲမှုအဖြစ် ကြိုဆိုပါသည်။ ကမ္ဘာ့မိသားစုကြီးနှင့် သဘောတူညီစွာ ကလေး သူငယ်အခွင့်အရေးများပေးနိုင်တော့မည်ဖြစ်သည်။ နှစ်နှစ်ဆိုသော ခြားနားမှုသည် ကြီးစွာသော အပြောင်းအလဲကြီးဖြစ်သည်။ ဒါကြောင့် ၁၆ နှစ်ကျော်မှ ၁၈ နှစ်အတွင်းအရွယ်ရှိ ကလေး သူငယ်များကို ယခင်ကလူငယ်အဖြစ် သတ်မှတ် သည်။ ကလေးသူငယ်ဥပဒေသည် အထူးဥပဒေ ဖြစ်သည်။ ကလေးသူငယ်ကို ရာဇသတ်ကြီးအရ တရားစွဲဆိုစီရင်စေကာမူ ပြစ်ဒဏ်သည် ကလေး သူငယ်ဥပဒေအရ ခုနစ်နှစ်ထက် မပိုသော ပြစ်ဒဏ်ချမှတ်ရမည်ဖြစ်သည်။ လူငယ်များ လည်း တည်ဆဲကလေးသူငယ်ဥပဒေအရ အကာ အကွယ်ရရှိသည်။ ထောင်ဒဏ် ၁ဝ နှစ်ထက် ပို၍ မချမှတ်ရ၊ အကျဉ်းထောင်များတွင် သီးခြား ထားရှိထိန်းသိမ်းရမည် စသည့်အခွင့်အရေးများ ရရှိသည်။ ယခုအသက် ၁၈ နှစ်အထိ ကလေး သူငယ်အသက် သတ်မှတ်လိုက်သည့်အတွက် ပြစ်ဒဏ်စီရင်ခြင်းခံရပါက အများဆုံးထောင်ဒဏ် ခုနစ်နှစ်သာချမှတ်နိုင်တော့မည်ကလေးသူငယ်၏ အခွင့်အရေးများအားလုံးကိုလည်းခံစားခွင့်ရတော့ မည် များစွာခြားနားပြောင်းလဲသွားခြင်းဖြစ်သည်။
ကလေးသူငယ်တိုင်းတွင် အခြေခံအခွင့်အရေး လေးရပ်ရှိသည်။ ပထမအခွင့်အရေးမှာ 'အသက် ရှင်သန်ကျန်ရှိရန်အခွင့်အရေး' (Survival Rights) ဖြစ်သည်။ ကလေးသူငယ်တိုင်းသည် မွေးရာပါအသက်ရှင်သန်ခွင့်ရှိသည်(Inherent right to Life) ၊ ယခင်ဆောင်းပါးတွင်လည်း မွေးရာပါအခွင့်အရေးအပေါ် ကျွန်တော်ဝေဖန်သုံး သပ်ခဲ့ပါသည်။ မြန်မာမိခင်များ၊ မိသားစုများ ကတော့ မမွေးဖွားမီ ကိုယ်ဝန်ဆောင်စဉ်မှာလည်း သန္ဓေသားအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းသာစေရန် ပြုစုစောင့်ရှောက်လျက် ရှိကြပါသည်။ ရှင်းရှင်းပြောရလျှင် ကိုယ်ဝန် ဖျက်ချခွင့်မရှိပါ၊ ဘာသာရေးကလည်းခွင့်မပြုပါ၊ ဥပဒေကလည်း ရာဇဝတ်ပြစ်မှုဖြစ်သည်၊ ယဉ် ကျေးမှုဓလေ့ထုံးစံကလည်း ခွင့်မပြုသောကြောင့် ဖြစ်ပါသည်။
ကိုယ်ဝန်ဆောင်စဉ်ကာလတွင် မိခင်သည် အစားအသောက်အနေအထိုင် ဆင်ခြင်ကြရသည်။ အစာစားရာတွင် ပူ၊ ငန်၊ စပ်၊ ခါး အရသာရှိ သော အစားအစာများကို ရှောင်ကြဉ်ရန်လိုသည်။ သန္ဓေသားအား မထိခိုက်စေရန်ဖြစ်သည်။ မိခင် ၏ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းသည် ရင်သွေးငယ်နှင့် ဆက်စပ်မှုရှိနေပေသည်။ ထို့ ကြောင့် မိခင်လောင်းများအား စိတ်ချမ်းသာပျော် ရွှင်စွာထားရမည်။ ပူပင်သောကနှင့် ဒေါသများ ကင်းဝေးရမည်။ ဤသည်မှာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံဖြစ်သည်။ ပဋိသန္ဓေကလေး၏ ကိုယ် စိတ်နှစ်ဖြာ ကောင်းမွန်စွာ ရှင်သန်ဖွံ့ဖြိုးရန်ဖြစ် ပေသည်။ ဗုဒ္ဓဘာသာတရားတော်အရ ၄င်းသန္ဓေ သည်လည်း လူသားအဖြစ် ဇာတိရရှိလာပြီဖြစ် ၍ ရှင်သန်မွေးဖွားလာရန် မိဘနှင့်မိသားစုများက ပြုစုစောင့်ရှောက်ကြရပေသည်။
သန္ဓေသား၏အသက်ရှင်သန်ခွင့်နှင့်ပတ်သက် ၍ ကမ္ဘာကြီး၏အစိတ်အပိုင်းအချို့တွင် စိတ် မချမ်းမြေ့ဖွယ် သတင်းများကို မကြာခဏကြား သိနေရပေသည်။ ကိုယ်ဝန်ဖျက်ချခွင့်ကို ဥပဒေ ဖြင့် ပြဋ္ဌာန်းခွင့်ပြုမှုများ၊ ဥပဒေမရှိသော်လည်း အများကလက်ခံကျင့်သုံးသော ဒေသများရှိ သည်။ ၄င်းတို့၏လူမှုဆက်ဆံရေးအရ မလိုချင် သောကိုယ်ဝန် (Unwanted Pregnancy) ရှိလာ သည့်အခါ ၄င်းတို့၏ဂုဏ်ကိုကာကွယ်ရန်နှင့် လူမှု ရေးရှုပ်ထွေးမှုများ မကြုံတွေ့စေရန် ကိုယ်ဝန် ဖျက်ချခြင်းဖြစ်သည်ဟု သိရပေသည်။ မြန်မာတို့ ၏ အသက်ရှင်သန်ကျန်ရှိခြင်း အခွင့်အရေးသည် ကလလရည်ကြည် သန္ဓေတည်သည်မှ အသက် ၁၆ နှစ်အထိ (လက်ရှိကလေးသူငယ်ဥပဒေအရ) ဖြစ်သည်။ အသက်ရှင်သန်ကျန်ရှိရန် အခွင့်အရေး များမှာ မိခင်နှင့်သန္ဓေသားကိုယ်စိတ်နှစ်ဖြာကျန်း မာရေး၊ အန္တရာယ်ကင်းစွာ စနစ်တကျမွေးဖွား ရေး၊ အာဟာရပြည့်ဝရေး၊ မိခင်နို့ချို တိုက်ကျွေး ရေး၊ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး၊ ကူးစက် ရောဂါများမှ ကင်းဝေးရေး၊ သောက်ရေသန့်ရရှိ ရေး၊ အခြေခံကျန်းမာရေးနှင့် ကျောင်းကျန်းမာ ရေးစောင့်ရှောက်မှုများရရှိရေး၊ မိခင်နှင့်ကလေး သေဆုံးနှုန်းကျဆင်းရေစသည့် လုပ်ငန်းစဉ်များ ဖြစ်သည်။ ကလေးသူငယ်တိုင်း ခံစားခွင့်ရရှိရေး တာဝန်ရှိသူများက ဆောင်ရွက်အကောင်အထည် ဖော်ကြရမည်ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန သည် ဤအခွင့်အရေးကို UN အဖွဲ့များ၊ NGOs များ၊ CSOs များနှင့် ပူးပေါင်းအကောင်အထည် ဖော်သော အဓိကအဖွဲ့ကြီးဖြစ်ပေသည်။
ဒုတိယအခွင့်အရေးမှာ 'ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေး' (Development Rights) ဖြစ် သည်။ ကလေးသူငယ်တိုင်းသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ၊ လူမှုရေး ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာများနှင့် ပညာရေး များ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ဖြစ်ထွန်းစေရန် အခွင့်အရေး ရှိပေသည်။
ကလေးသူငယ်တိုင်း အခြေခံပညာသင်ယူခွင့် ရှိပေသည်။ ကောင်းမွန်သော ပညာရေးစနစ်သည် ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကို ဖြစ်ပေါ်စေနိုင်ပေသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၂၈(ဂ)တွင် အခမဲ့မသင်မနေရ မူလ တန်းပညာရေးစနစ် ဖော်ဆောင်ရမည်။ ၂၈(ဃ) တွင် ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော်တည် ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာ ရေးစနစ် ဖော်ဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စုအစိုးရသည် အခမဲ့အခြေခံပညာရေး ကို ၂ဝ၁၂ခုနှစ်မှ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၈(ဂ) ပြဋ္ဌာန်းချက်အရ အခမဲ့မသင်မနေရ မူလတန်း ပညာရေးကိုသာဖော်ဆောင်ရန် ဖြစ်သော်လည်း လက်ရှိအချိန်တွင် အလယ်တန်း၊ အထက်တန်း များအထိ အခမဲ့ဖော်ဆောင်လျက်ရှိသည်ကို တွေ့ မြင်ရပေသည်။ မသင်မနေရ ပညာရေးစနစ်ကို လည်း တစ်ဆင့်တက်လှမ်းနိုင်ရန် လိုအပ်နေသေး သည်။ မသင်မနေရ သွားနိုင်ဖို့ တိုင်းပြည်ဓန အင်အား တောင့်တင်းရုံသာမက နိုင်ငံသားများ ၏ တစ်ဦးချင်းဝင်ငွေ ကောင်းမွန်ရန်လည်း လို အပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် မိသားစု ဝင်ငွေကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေသောကလေးများစွာ ရှိနေပေသည်။ မိသားစု ဝင်ငွေကောင်းမှသာထိုကလေးများစာသင်ခန်းသို့ လာနိုင်ပေလိမ့်မည်။မိဘအုပ်ထိန်းသူများ၏ ပညာ အမွေပေးလိုသော ဆန္ဒရှိရန်လည်းလိုပြန်သည်။
ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးကို အဓိက တာဝန်ယူဖော်ဆောင်နေသည်မှာ ပညာရေးဝန် ကြီးဌာနဖြစ်သည်။ ပညာရေးဝန်ကြီးဌာနသည် ပုံမှန်ကျောင်းပညာရေး (Formal Education)ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရစာသင် ကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ပုဂ္ဂလိကကဏ္ဍမှလည်း ကိုယ်ပိုင်ကျောင်းများဖွင့် လှစ်၍ အားဖြည့်ပေးလျက်ရှိသည်ကို တွေ့မြင်ရ သည်။ ပုံမှန်ကျောင်းပညာရေးသင်ယူရန် အလှမ်း ဝေးနေသော ကလေးများအတွက် ကျောင်းပြင်ပ ပညာရေး (Non Formal Education) များကို ပညာရေးဝန်ကြီးဌာန၊ UNICEF ၊ NGOs များ၊ INGOs များ၊ စီးပွားရေးလုပ်ငန်းကြီးများမှ လူမှု ရေးဖောင်ဒေးရှင်းများ၊ အလှူရှင်များ၏အကူ အညီဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ နိုင်ပေသည်။ တစ်နိုင်ငံလုံး မလွှမ်းခြုံနိုင်သေး သဖြင့် ဆက်လက်ကြိုးပမ်းကြရန် လိုအပ်ပေ သည်။ သို့မှသာ ကျန်ရှိကလေးသူငယ်များ မူလ တန်းပညာသင်ယူခွင့် ရရှိနိုင်ကြမည်။ အခြေခံ ပညာရေး၏ ပုံမှန်လမ်းကြောင်းမှ ကျန်ရစ်ခဲ့သော ကလေးများအတွက် အပြောင်းအလဲနည်းလမ်း (Alternative Way) များရှိရန် လိုအပ်ပါသည်။ ဥပမာ - သက်မွေးပညာများ၊ လုပ်ငန်းခွင်ကျွမ်း ကျင်မှုပညာရပ်များနှင့်အလုပ်အကိုင်အခွင့်အလမ်း များရရှိနိုင်ရန်လိုအပ်လှပါသည်။ သို့မှသာကလေး သူငယ်တိုင်း၏ ဘဝများ လှပပေလိမ့်မည်။
တတိယအခွင့်အရေးမှာ 'ကာကွယ်စောင့် ရှောက်မှုရပိုင်ခွင့်' (Protection Rights) ဖြစ် သည်။ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် ပတ် သက်လျှင် အမြင့်ဆုံးတာဝန်ရှိအဖွဲ့သည် အစိုးရ အဆင့်ဆင့်ဖြစ်သည်။ ကုလသမဂ္ဂ၏ဆုံးဖြတ်ချက် အရ အစိုးရသည်နိုင်ငံသား၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်လည်းရှိပြန်ပါ သည်။ (Obligation to Protect the citizen's Rights) ၊ ဤသဘောတရားနှင့်ဆက်စပ်၍ ကလေးသူငယ်များ၏ အခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်ပါသည်။ ကလေးသူငယ်ကို အကြမ်းအားဖြင့် သာမန် ကလေးသူငယ်များနှင့် ကာကွယ်စောင့်ရှောက်မှု ပေးရန် လိုအပ်သော ကလေးသူငယ်များဟုနှစ် မျိုးခွဲခြားနိုင်ပါသည်။ သာမန်ကလေးသူငယ်များ မှာ မိဘ သို့မဟုတ် အုပ်ထိန်းသူများနှင့်အတူ မိသားစုဘဝဖြင့် ရပ်ရွာအတွင်းပုံမှန်ဖွံ့ဖြိုးတိုး တက်ခွင့်ရသော ကလေးသူငယ်များဖြစ်သည်။ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေး သူငယ်များကိုသိသာလွယ်ရန် ဖော်ပြရလျှင် မိဘမဲ့ ကလေးများ၊ အုပ်ထိန်းသူမဲ့ကလေးများ၊ မိဘ တစ်ဦးသာရှိ၍ စောင့်ရှောက်မှုမရသော ကလေး များ၊ မိဘရှိသော်လည်း လွန်စွာဆင်းရဲသောဘဝ မှ ကလေးများ၊ လူမှုဒုက္ခတွေ့ကြုံခံစားနေရသော မိသားစုမှ ကလေးများ၊ မူးယစ်ဆေးဝါးအလွဲ သုံးစားခံရသော ကလေးများ၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူကုန်ကူးမှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားခံရ သော ကလေးများ၊ မသန်စွမ်းကလေးများ၊ စိတ် ရောဂါခံစားနေရသော ကလေးများ၊ ဥပေက္ခာ ပြုခံရသော၊ စွန့်ပစ်ခံရသော ကလေးများစသည် ဖြင့် အမျိုးအစားများစွာရှိပေသည်။ ကလေးသူ ငယ်ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် ရည်ညွှန်း သော အုပ်စုများမှာ ကာကွယ်စောင့်ရှောက်မှုပေး ရန်လိုအပ်သော ကလေးသူငယ်များကိုအဓိကဦး တည်ပေသည်။ သို့သော် တစ်ခါတစ်ရံတွင် သာမန်ကလေးသူငယ်များသည်လည်း ၄င်းတို့၏ အခွင့်အရေးထိခိုက်ခံရသောအခါ ကာကွယ်စောင့် ရှောက်မှုပေးရန် လိုအပ်သည်ကိုအလေးအနက် ရှိရန်လိုအပ်ပါသည်။
ကလေးသူငယ်များကို ကာကွယ်စောင့် ရှောက်ရန် ဥပဒေများရှိသည်။ ဥပမာ ကလေး သူငယ်ဥပဒေ(၁၉၉၃)၊ မသန်စွမ်းသူများအခွင့် အရေးဆိုင်ရာ ဥပဒေ(၂ဝ၁၅)၊ လူကုန်ကူးမှုတား ဆီးကာကွယ်ရေး ဥပဒေ(၂ဝဝ၅)၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ(၁၉၉၃)၊ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ(၂ဝ၁၆)အပါအဝင် ရာဇသတ်ကြီး ဥပဒေ ပါ ဆက်စပ်အကျုံးဝင်သော ပြဋ္ဌာန်းချက်များရှိ ပေသည်။ ဤဥပဒေများကို ကျင့်သုံး၍ လူမှု ဝန်ထမ်းဦးစီးဌာနနှင့် အခြားသော NGOs များ၊ CSOs များက စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက် မှုပေးလျက်ရှိသည်။ တစ်ခုပြောစရာရှိသည်မှာ မြို့ကြီးမြို့ငယ်များ၏ လမ်းများပေါ်တွင် ကား ဂိတ်၊ သင်္ဘောဆိပ်နှင့် ဘူတာရုံများတွင်ခိုကိုးရာ မဲ့ကလေးများကို တွေ့နိုင်ပေသည်။ ရိုးရိုးလေး အရှင်းဆုံးပြောရလျှင် နိုင်ငံတော်ကကာကွယ် စောင့်ရှောက်မှုတိုး၍ တိုး၍စောင့်ရှောက်မှသာ ထိုကလေးများဘဝ သာယာလှပလာမည်။ သူတို့ လေးတွေ၏အနာဂတ် တောက်ပလာမည်။
စတုတ္ထအခွင့်အရေးမှာ 'ပါဝင်ဆောင်ရွက် ခွင့်' (Participation Rights) ဖြစ်သည်။ မြန်မာ မိသားစုဘဝတွင် ပြောဆိုလေ့ရှိသောစကားများ မှာ ''ကလေး ကလေးလိုနေစမ်း''၊ ''ကလေး
လူကြီးပြောတာ ဝင်မရှုပ်နဲ့''၊ ''လူကြီးပြောတာ နားထောင်''ဟူသော လူကြီးများ၏ သြဝါဒများ ဖြစ်သည်။ ဤဝါဒကို ကလေးအများစုသည် မိမိ စိတ်ဆန္ဒနှင့်မညီသော်လည်း ငြင်းဆိုရန် လွယ်ကူ သည်မဟုတ်ပေ။ ဤသြဝါဒဆုံးမစကားများ သည် ယနေ့ခေတ်နှင့်ဆိုသော် အံဝင်ခွင်ကျ ရှိ မရှိ လေ့လာရန် လိုအပ်ပါပြီ။ ကလေး၏ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေး၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဖွင့်ဟခွင့်များ၊ ကလေး၏ မိမိကိုယ် မိမိယုံကြည်မှုတည်ဆောက်ခြင်းများကို ထိခိုက် နိုင်သည်မှာ အမှန်ပင်ဖြစ်ပေသည်။
မိဘအုပ်ထိန်းသူများသည် ကလေး၏ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းညွှန်ပြသခွင့်ရှိကြောင်း Convention on the Rights of the Child (CRC) တွင်ဖော်ပြထားသည်။ လမ်းညွှန်ရမည့် အစားပိတ်ပင်တားဆီးခြင်းသည် ကလေး၏ အစွမ်းအစနှင့် တလူလူတက်မည့်အညွန့်ကို မညှိုး နွမ်းစေသင့်ပေ။ကလေးများကို နောင်တစ်ချိန်တွင် တာဝန် ယူတတ်သော၊ မိမိကိုယ်မိမိ ကောင်းစွာ ထိန်းကျောင်းနိုင်စွမ်းရှိသော မျိုးဆက်သစ်များ အဖြစ် လေ့ကျင့်ပျိုးထောင်ရန် ရှေးရှုရပေမည်။
အထက်ပါ လူကြီးများ၏သွန်သင်ဆုံးမမှုများ မှာ ကလေး၏ 'ပါဝင်ဆောင်ရွက်ခွင့်'ကိုလည်း ပိတ်ပင်ရာကျနေပြန်ပါသည်။ ကလေးများသည် အသက်အရွယ်နှင့် ဥာဏ်ရည်ဖွံ့ဖြိုးမှုအပေါ် မူ တည်၍ ပါဝင်ဆောင်ရွက်ခွင့်ရှိရမည်။ ကလေး နှင့်သက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ လူ မှုရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးဆိုင်ရာ လှုပ်ရှား မှုများတွင် ပါဝင်ရန်အခွင့်အလမ်းများ ဖန်တီး ပေးရမည်။ ကလေးများအတွက် စီမံချက်ပြု လုပ်ခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းတွင် ကလေး၏ပြောကြားချက်များ၊ ခံစားမှုများ၊ အကြံ Óဏ်များကို အလေးအနက်ထား ထည့်သွင်းစဉ်း စားရမည်။ ဤနေရာတွင် ကလေး၏Óဏ်ရည် ဖွံ့ဖြိုးမှုနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှုကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
ကလေးများ၏ပါဝင်ခွင့်နှင့်ပတ်သက်၍ အတွေ့အကြုံတစ်ခုဖော်ပြလိုပါသည်။ ကျွန်တော် သည် ၂ဝ၁၂ ခုနှစ်ခန့်မှစတင်၍ 'ကလေးသူ ငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နေ့'Convention on the Rights of the Child-Day/CRC-Day)'များ နှစ်စဉ်တက်ဖြစ်ခဲ့သည်။ UNICEF နဲ့ NGOs များကလည်း ဖိတ်ကြား သလို ကျွန်တော်ကလည်း ကလေးများအခွင့် အရေးကို စိတ်ဝင်စား၍ဖြစ်သည်။ အထူးသဖြင့် ၂ဝ၁၄ ခုနှစ် ရန်ကုန်မြို့တွင်ကျင်းပသော'ကလေး သူငယ်ဖိုရမ်' 'Child Forum'နှင့် ၂ဝ၁၅ ခုနှစ် 'CRC Day'သို့ တက်ရောက်ဖြစ်သည်။ အမှာ စကားပြောကြားခွင့်ရသည်။ စကားဝိုင်းဆွေးနွေး ပွဲတွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်အရွယ်ရှိ ကလေးသူငယ်များနှင့် တစ်ဝိုင်းတည်းထိုင်၍ သူတို့၏ရင်ဖွင့်စကားများ နားဆင်ခွင့်၊ လေ့လာ ခွင့်ရရှိခဲ့သည်။ လွှတ်တော်အသီးသီးမှ ကိုယ် စားလှယ်ကြီးများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှု ဝန်ထမ်းမှ တာဝန်ရှိသူများလည်း ပါဝင်ကြသည်။ လွန်ခဲ့သော ၁၅ နှစ်ခန့်က ကျွန်တော်သည် လူမှု ဝန်ထမ်းဌာနတွင် တာဝန်ထမ်းဆောင်စဉ်က ကြား ခဲ့ရသော ကလေးများ၏ရင်ဖွင့်စကားများမှာ အစစ်အမှန်က နည်းသည်။ အဖွဲ့အစည်းမှ ဝန် ထမ်းများကသင်ပေးသည့်အတိုင်း အလွတ်ကျက် မှတ်၍ ပြောခြင်းသာများခဲ့သည်။ အတွေ့အကြုံ အရ အကဲခတ်နိုင်ခဲ့ပါသည်။ ယနေ့ ကလေးများ ၏ ရင်ဖွင့်စကား၊ အကြံပြုချက်နှင့် တောင်းဆို မှုများမှာ ထက်မြက်မှန်ကန်သည်ကို အံ့သြဝမ်း သာစွာ ကြားသိခဲ့ရပေသည်။ ၄င်းတို့ကိုယ်တိုင် သိရှိခံစားထုတ်ဖော်ချက်များဟု ယုံကြည်သည်။ ရင်ဖွင့်စကားများတွင် ပညာရည်မြင့်မားရေး၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုရရှိရေး၊ ကလေးများ ဘဝလုံခြုံရေးနှင့် ကာကွယ်စောင့် ရှောက်မှုရရှိရေးအပါအဝင် ကလေးများနှင့်သက် ဆိုင်သော အသုံးစရိတ်များတိုးမြှင့်ပေးရေးတို့ဖြစ် သည်။ ချက်ကျကျ၊ ထိထိမိမိစကားလုံးများဖြင့် အားမာန်ရှိရှိ တင်ပြသည်ကို ကြည့်ရှုနားထောင်ရ သည်မှာ နှစ်ထောင်အားရရှိလှပေသည်။ တောက် ပြောင်လာမည့် အနာဂတ်ကိုလည်း မျှော်မှန်းကြည့် မိပေသည်။ ဤသည်မှာ ကလေးတို့၏ ပါဝင် ဆောင်ရွက်ခွင့် တစ်စိတ်တစ်ပိုင်းမျှကို ဥပမာ ပြုရခြင်းဖြစ်ပါသည်။ လူကြီးများ၏တာဝန်က တော့ ဤစကားများ မြင့်သည်ထက်မြင့်သော အထက်သို့ ရောက်ရှိအောင် ပို့ဆောင်ကြရန်လို သည်။ လွှတ်တော်နှင့်ဝန်ကြီးဌာနသို့တိုင် ရောက် ရှိမှသာ ကလေးများ၏ 'ပါဝင်ဆောင်ရွက်ခွင့်'ကို အသိအမှတ်ပြုရာကျပေသည်။
အခွင့်အရေး (Rights) ကိုပြောလျှင် တာဝန် ရှိမှု (Responsibility) လို့လည်းပြောရပေမည်။ အခွင့်အရေးနှင့် တာဝန်ရှိမှုသည် တစ်ဆက်တစ် စပ်တည်းသာ ဖြစ်သည်။ ခွဲခွဲခြားခြားမဟုတ်ပေ။ ကလေးသူငယ်များတွင်လည်း တာဝန်များလည်း ရှိပေသည်။ ကလေးသူငယ် ဥပဒေအခန်း (၇) တွင် ကလေးသူငယ်ကျင့်ဝတ် စည်းကမ်းများ ကို ဖော်ပြထားသည်။ ကလေးသူငယ်များသည် မိဘ၊ ဆရာ၊ အုပ်ထိန်းသူတို့၏ သွင်သင်မှုနာခံ ခြင်း၊ ဥပဒေကို လိုက်နာခြင်း၊ ရပ်ရွာနှင့် ကျောင်း စည်းကမ်းများလိုက်နာခြင်း၊ ငြိမ်းချမ်းစွာ ပညာ သင်ကြားခြင်း၊ အလုပ်လုပ်သော ကလေးများ လုပ်ငန်းခွင် စည်းကမ်းလိုက်နာခြင်း၊ ယဉ်ကျေး မှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက် ခြင်း၊ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။ လူ့ အခွင့်အရေးအနေဖြင့် ဖြည့်စွက်ပြောလိုသည်မှာ အပြန်အလှန်လေးစားခြင်း၊ ကြမ်းတမ်းရိုင်းပျစွာ မပြုမူခြင်း၊ တစ်ဦးကိုတစ်ဦး အသိအမှတ်ပြု၍ ကူညီစောင့်ရှောက်ခြင်း၊ ကလေးသူငယ်နှင့် ဆိုင်သော လှုပ်ရှားသူများအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်၍ အများအကျိုးသယ်ပိုးခြင်း၊ မိမိနိုင်ငံနှင့်လူမျိုးကို တက်စွမ်းသမျှစောင့်ရှောက် ခြင်း စသည်တို့ဖြစ်ပေသည်။
သားသမီးများကိုချစ်လွန်းသောမိဘ၏ မေတ္တာသည် သားသမီးကိုတိုးတက်ကြီးပွားစေ လိုသော ကြီးမားလှသည့်စိတ်စေတနာနှင့်အတူ လွန်ကဲသောဆန္ဒများ စိုးရိမ်စိတ်များက တစ်ပါ တည်းကပ်ပါလာတတ်သည်ကို မိဘများသတိရှိ သင့်ပေသည်။ ဤဆန္ဒနှင့် စိုးရိမ်စိတ်များကပင် သားသမီးငယ်များ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုး တက်မှုကို အဟန့်အတားပြုမိတတ်ကြသည်ကို သတိပြုဆင်ခြင်သင့်လှပေသည်။ ကလေးအတွက် ပြုလုပ်မှုတိုင်းသည် 'ကလေးသူငယ်၏ အကောင်းဆုံးအကျိုး' ဖြစ်ထွန်းစေရန် စဉ်းစား ကြံဆ ဆောင်ရွက်ကြမှသာ ကောင်းမွန်ထက်မြက် သော မျိုးဆက်သစ်ကလေးများ ပေါ်ထွန်းလာ နိုင်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။
ကိုစစ်(လူမှု)
Ref:Uniondaily. net
