နောက်ဆုံး တင်သမျှ
Tuesday, 25 October 2016
အပြောနှင့်အလုပ်ညီပါစေ
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခန့်က ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ခရီးသည်တင် အမြန်ရေယာဉ်တစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါသည်။ ယင်းရေယာဉ်ပေါ်တွင် ခရီးသည် ၃ဝဝ ကျော်လိုက်ပါလာသည့်အနက် လတ်တလောတွင် ၁၅၉ ဦးသာ ကယ်တင်နိုင်ခဲ့ကြောင်း သိရပါသည်။ အောင်စိုးမိုးကျော် ခရီးသည်တင် အမြန်ရေယာဉ် တိမ်းမှောက်သည့်ဖြစ်စဉ် ဖြစ်ပွားရခြင်းမှာ ရေယာဉ်တွင် တင်ဆောင်ရမည့်ခရီးသည်၊ ကုန်အလေးချိန်ပမာဏထက် အဆမတန်များပြားသောပမာဏကို တင်ဆောင်ခဲ့သော ကြောင့် ဖြစ်သည်။
တကယ်တမ်းတွင် အမြန်ရေယာဉ်လူစီးနှင့် ကုန်တင်ရေယာဉ်များကို လုပ်ငန်း လိုင်စင်နှင့် ရေယာဉ်လိုင်စင်သက်တမ်းရှိ၊မရှိ၊ သတ်မှတ်ထားသည့် ဝန်တင်မျဉ်းထက် ကျော်လွန်၍ ခရီးသည်နှင့်ကုန်စည်များ တင်ဆောင်ထားခြင်းရှိ၊မရှိ၊ ရေယာဉ်အရေးပေါ် အခြေအနေကြုံတွေ့လာပါက အသုံးပြုနိုင်မည့် သက်ကယ်အင်္ကျီ၊သက်ကယ်ဗောကွင်း စီမံထားရှိမှုရှိ၊မရှိ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ကိရိယာများနှင့် ရေယာဉ်အတွင်း အကြောင်းအမျိုးမျိုးကြောင့်ရေများ ဝင်ရောက်လာပါက စုပ်ထုတ်နိုင်ရန်အတွက် အပိုရေစုပ်စက်ငယ်ပါရှိမှုရှိ၊မရှိ၊ ထို့အပြင် ရေယာဉ်အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေမျိုးကို ရောက်ရှိနိုင်သည့်အချက်များ (ဥပမာ-လူလျှောက်လမ်းနှင့် ရေယာဉ်ဦးပိုင်း၊ ပဲ့ပိုင်း၊ ရေယာဉ်အမိုးပေါ်တို့တွင် ကုန်ပစ္စည်းများ တင်ဆောင်ထား ခြင်းရှိ၊မရှိ)၊ ရေယာဉ်ပေါ်တွင် သတ်မှတ်ထားသည့် ရေယာဉ်လုပ်သား လုံလောက်စွာ ပါရှိမှုရှိ၊မရှိတို့ကို အမြဲမပြတ်စစ်ဆေးပြီးမှ ရေယာဉ်များကို ပြေးဆွဲခွင့်ပြုရမည်ဖြစ် သည်။ သို့သော်လည်း မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့မှတာဝန်ရှိသူများသည် ထိုကဲ့သို့ စစ်ဆေးမှုများကို လူမြင်ကောင်းအောင်သာလုပ်လေ့ရှိပြီး ဖိဖိစီးစီးလုပ်လေ့မရှိပေ။ ထို့ကြောင့်ပင် အောင်စိုးမိုးကျော်ရေယာဉ်တိမ်းမှောက်မှုကဲ့သို့ မဖြစ်သင့်သည့်ကိစ္စဆိုး များဖြစ်ပွားပြီး အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
အောင်စိုးမိုးကျော်အမြန်ရေယာဉ်တိမ်းမှောက်ပြီး သိပ်မကြာခင်မှာပင် ချင်းတွင်း မြစ်အတွင်း ပုံမှန်ပြေးဆွဲလျက်ရှိသည့် လူစီးနှင့်ကုန်တင်အမြန်ရေယာဉ်များ ခွင့်ပြု တန်ချိန်ထက် ပိုမိုတင်ဆောင်ပါက ရေကြောင်းဥပဒေများဖြင့် ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှပြောထားသည်ကို သတင်းတစ်ပုဒ်တွင် ဖတ်လိုက်ရပါသည်။ထိုသတင်းဖတ်လိုက်ရပြီး နာရီပိုင်းအတွင်းမှာပင် အောင်စိုးမိုးကျော် အမြန်ရေယာဉ်တိမ်းမှောက်မှုဖြစ်ပြီးနောက်ပိုင်း ခရီးသည်တင်အမြန်ရေယာဉ်အချို့၌ ခရီးသည်များကို ခေါင်မိုးပေါ်သို့တင်ခြင်း၊ ထိုင်ခုံအရေအတွက် လူဦးရေထက် ပိုတင် ခြင်းများရှိနေကြောင်း ခရီးသည်များနှင့် ဒေသခံများက ပြောကြားထားသည့် သတင်း တစ်ပုဒ်ကိုလည်း ထပ်မံဖတ်လိုက်ရပါသည်။ ထိုသတင်းနှစ်ပုဒ်သည် အစိုးရအဖွဲ့၏ အပြောနှင့်အလုပ်မညီမှုကို မီးမောင်းထိုးပြသကဲ့သို့ဖြစ်နေသည်။
မြန်မာအစိုးရအပါအဝင် အဖွဲ့အစည်းအများစုသည် အကြောင်းကိစ္စတစ်ခု ဖြစ်ပွားပြီးခါစ ပူပူနွေးနွေးမှာပင် လိုအပ်သည့်စစ်ဆေးမှု၊ အရေးယူမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိတတ်မှုများကို ဖုတ်ပူမီးတိုက် လုပ်လေ့ရှိပြီး အချိန်အနည်းငယ် ကြာသွားချိန်တွင် ထိုကိစ္စများကို လျစ်လျူရှုထားလိုက်ကြသည်က များပါသည်။ ချင်းတွင်းမြစ်တွင်းသွား အမြန်ရေယာဉ်တိမ်းမှောက်မှုများအနက် ၂ဝဝဝ ခုနှစ် နောက်ပိုင်းတွင် လူအသေအပျောက်များသော တိမ်းမှောက်မှု လေးကြိမ်ခန့်ဖြစ်ပွား ခဲ့ပါသည်။ ထိုအမြန်ရေယာဉ်များတိမ်းမှောက်စဉ်ကလည်း ယခုကဲ့သို့ပင် လူစီးနှင့် ကုန်တင် အမြန်ရေယာဉ်များ ခွင့်ပြုတန်ချိန်ထက် ပိုမိုတင်ဆောင်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု သက်ဆိုင်ရာတာဝန်ရှိသောဌာနက ပြောခဲ့ဖူးပါသည်။ သို့သော် လည်း သက်ဆိုင်ရာတာဝန်ရှိသူများသည် အပြောနှင့်အလုပ်ညီအောင် မလုပ်ခဲ့သော ကြောင့် ယခုအခါတွင်လည်း အောင်စိုးမိုးကျော်အမြန်ရေယာဉ်နစ်မြုပ်ပြီး ပြည်သူများ အသက်ဆုံးရှုံးခဲ့ရပြန်ပါသည်။
ထို့ကြောင့် အစိုးရအနေဖြင့် ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်နှင့် ခရီးသွား လာနေကြရသည့် ပြည်သူများ အသက်အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချမ်းသာရေး တို့အတွက် စစ်ဆေးအရေးယူဆောင်ရွက်မှုများကို အပြောနှင့်အလုပ်ညီစွာ ထိထိရောက် ရောက်ပြုလုပ်သင့်ပါသည်။ ထိုနည်းတူ အခြားသောနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစရှိသော ကဏ္ဍရပ်များ တွင်လည်း အပြောနှင့်အလုပ်ညီစွာ ဆောင်ရွက်ကြပြီးလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ အရောက်လှမ်းကြစေလိုကြောင်း ရေးသားလိုက်ရပေသည်။
source; uniondaily.net
photo; internet uploader

