နောက်ဆုံး တင်သမျှ
Tuesday, 1 November 2016
တော်ဝင်ကို အသရေဖျက်မှု ဥပဒေနှင့် နိုင်ငံရေး လက်စားချေမှု
(နိုဝင်ဘာလ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်)
ပဲခူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်ကြားရေးအဖွဲ့ဝင် ဦးဌေးနိုင်၏ သမီးဖြစ်သူ မလင်းလဲ့လဲ့လှိုင်က ပြည်ခိုင်ဖြိုးပါတီ (USDP) မြို့နယ်အလုပ် အမှုဆောင် ဦးမြင့်အောင်၏ သမီးဖြစ်သူ မစန္ဒီမြင့်အောင်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား Facebook ၌ ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာသည် ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ပဲခူးမြို့ အမှတ် (၂) ရဲစခန်းတွင် အောက်တိုဘာ ၂၈ ရက်က အမှုဖွင့် တိုင်ကြားထားသည်။ အမှုဖွင့်တိုင်ကြားသူ မလင်းလဲ့လဲ့လှိုင်သည် အသက် ၁၈ နှစ်သာ ရှိသေးပြီး အမှုဖွင့်ခံရသူ မစန္ဒီမြင့်အောင်သည်လည်း အသက် ၁၈ နှစ် ၀န်းကျင်ခန့်ပင် ရှိသေးကာ နှစ်ဦးစလုံး တက္ကသိုလ်ကျောင်းသူများ ဖြစ်ကြောင်း သိရသည်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တွင် “ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်သူသည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ထိပါးစေသည်ဟုဆိုကာ မည်သူမဆိုက ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ပိုင်ခွင့်ရှိသည် ဆိုခြင်းမှာ နိုင်ငံတကာတွင် မြန်မာနိုင်ငံ အစိုးရ၏ ပုံရိပ်ကို ထိခိုက်လာနိုင်ဖွယ်ရှိသော ကိစ္စဖြစ်၍ သတိပြုသင့်သည်။ ယင်းနှင့်စပ်လျဉ်း၍ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ရှိသော အငြင်းပွားဖွယ် ဥပဒေတစ်ရပ်ကို သတိရဖွယ် ဖြစ်လာသည်။ ယင်းဥပဒေမှာ Lèse majesté (Royal Defamation Law) ဟုခေါ်သည့် တော်ဝင်ကို အသရေဖျက်မှု ဥပဒေဖြစ်သည်။ ထိုင်းနိုင်ငံ၏ ရာဇ၀တ်မှု ဥပဒေပုဒ်မ ၁၁၂ အရ ဘုရင်၊ မိဖုရားနှင့် နန်းမွေဆက်ခံသူများအား အသရေဖျက်ခြင်း၊ စော်ကားခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့သည် တရားဥပဒေနှင့် ငြိစွန်းကြောင်း ၁၉၀၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားခဲ့သည်။ အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံရပါက တစ်ကြိမ်စော်ကားမှုအတွက် ထောင်ဒဏ် သုံးနှစ်မှ ၁၅ နှစ်အထိ အပြစ်ပေးနိုင်သည်။ သို့သော် မည်သည့် လုပ်ရပ်သည် အသရေဖျက်ခြင်း၊ စော်ကားခြင်းနှင့် ခြိမ်းခြောက်ခြင်း မြောက်သည်ဟူ၍ ဥပဒေဆိုင်ရာ အဓိပ္ပာယ် သတ်မှတ်ချက် ပြဋ္ဌာန်းထားခြင်း မရှိပေ။ ၎င်းအပြင် လိုသလို ကောက်ယူအဓိပ္ပာယ် ဖွင့်နိုင်လောက်အောင် ယင်းဥပဒေ၌ အဓိပ္ပာယ်အရ အားနည်းချက်များစွာ ရှိသောကြောင့် စစ်အာဏာသိမ်းမှုဖြင့် အာဏာရလာသော ပရာယွတ်ချန်အိုချာ လက်ထက်တွင် သူ၏ နိုင်ငံရေး အတိုက်အခံများအား နှိမ်နင်းရန် ပုဒ်မ ၁၁၂ ကို လိုအပ်သလို အသုံးပြုနေသည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ပဲခူးမြို့၌ တရားစွဲဆိုထားသည့် အမှုတွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ပုဂ္ဂိုလ်များ ပါဝင်ပတ်သက် လာမှုသည် မြန်မာနိုင်ငံရေး၌ အာဏာလက်ဝယ်ရလာသူက အာဏာမဲ့သွား သူများအပေါ် နိုင်ငံရေး လက်စားချေမှု (Political Revenge) ပြုလုပ်သည့် အစဉ်အလာဆိုးတစ်ရပ် ဖြစ်ပေါ်လာလေမည်လားဟု စိုးရိမ်ဖွယ် ဖြစ်စေသည်။ ၎င်းအပြင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် ၎င်းအပေါ် NLD ပါတီအား ထောက်ခံသူတို့က ယခုထက်ပို၍ပင် ပုဂ္ဂိုလ်ရေး အပုပ်ချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပေါ်လည်း အလားတူ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုစဉ်က ၎င်းတို့ကို ကိုယ်စားပြုသူများကသာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယခု NLD အစိုးရ လက်ထက်တွင် မည်သူမဆို တရားစွဲဆိုခွင့်ရှိသည် ဆိုခြင်းမှာ တရားဥပဒေကြောင်းအရ ဆီလျော်မှု မရှိသည်ကို အစိုးရရှေ့နေများ သတိပြုသင့်သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား စော်ကားပါက မည်သူမဆိုက တရားစွဲဆိုခွင့်ရှိသည် ဆိုခြင်းမျိုး မဖြစ်သင့်ဘဲ ရဲတပ်ဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံမှ ခွင့်ပြု ချက်တောင်းခံရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။