ေနာက္ဆံုး တင္သမ်ွ

Monday, 7 November 2016

ေဆးလိပ္ တစ္ေန႔ တစ္ဘူး ေသာက္သုံးပါက ႏွစ္စဥ္ အဆုတ္အတြင္း ဗီဇ ေျပာင္းလဲမွု ၁၅၀ ခန႔္ျဖစ္ပြား


ဝါရွင္တန္၊ နိုဝင္ဘာ ၆ရက္ (ဆင္ဟြာ)
တစ္ရက္လၽွင္ ေဆးလိပ္ တစ္ဘူး ေသာက္သုံးသူမ်ားသည္ ႏွစ္စဥ္ ၎တို႔၏ အဆုတ္အတြင္း ပ်မ္းမၽွအားျဖင့္ ဗီဇ ေျပာင္းလဲမွု ၁၅၀ေက်ာ္ ျဖစ္ပြားေၾကာင္း ေလ့လာေတြ႕ရွိမွု အသစ္ တစ္ခုအရ သိရၿပီး အဆိုပါေလ့လာခ်က္သည္ ေဆးလိပ္ ေသာက္သုံးသူမ်ား အဆုတ္ကင္ဆာ ျဖစ္ပြားမွုႏွုန္း မည္မၽွျမင့္တက္မွုရွိသည္ကို ရွင္းျပရာ၌ အေထာက္အကူျပဳေၾကာင္း သိရသည္။

အဆိုပါ ေလ့လာခ်က္အရ ေဆးလိပ္ တစ္ေန႔တစ္ဘူး ေသာက္သုံးမွုသည္ အဆုတ္အျပင္ အျခားေသာ အဂၤါ အစိတ္အပိုင္းမ်ားတြင္လည္း ဆိုးက်ိဳးသက္ေရာက္မွု ရွိေစေၾကာင္း သိရသည္။

Los Alamos အမ်ိဳးသား ဓါတ္ခြဲခန္း တြဲဖက္ဦးေဆာင္သူ စာေရးဆရာ Ludmil Alexandrov က ယခင္က ေဆးလိပ္ေသာက္ျခင္းနဲ႔ ကင္ဆာေရာဂါ ဆက္စပ္ေနသည့္ သိသာ ထင္ရွားေသာ သက္ေသ သာဓကမ်ား ရွိခဲ့ၿပီး ယခုအခါ ေဆးလိပ္ေသာက္ျခင္းေၾကာင့္ DNA အတြင္းရွိ ေမာ္လီက်ဴး ေျပာင္းလဲမွုမ်ားအား အမွန္တကယ္ ေလ့လာ တြက္ခ်က္နိုင္ၿပီျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္ တစ္ခုတြင္ ေျပာၾကားခဲ့သည္။ အဆိုပါ ေတြ႕ရွိခ်က္အား ယခုအပတ္ထုတ္ အေမရိကန္ သိပၸံ ဂ်ာနယ္တြင္ ေဖာ္ျပခဲ့ေၾကာင္း သိရသည္။

ေဆးလိပ္တြင္ ကင္ဆာေရာဂါ ျဖစ္ပြားေစသည့္ ဓာတုပစၥည္း ၇၀ ေက်ာ္ အပါအဝင္ ဓာတုပစၥည္း ၇,၀၀၀ ေက်ာ္ ပါဝင္ေနေၾကာင္း သိရသည္။ ယခင္ ေလ့လာ ေတြ႕ရွိခ်က္မ်ားအရ ေဆးလိပ္ေငြ႕ႏွင့္ တိုက္ရိုက္ ထိေတြ႕မွု မရွိသည့္ တစ္သၽွဴးအတြင္း ကင္ဆာျဖစ္ပြားမွု အပါအဝင္ ကင္ဆာ ၁၇ မ်ိဳး ျဖစ္ပြားမွုႏွုန္း ျမင့္တက္လာမွုသည္ ေဆးလိပ္ ေသာက္သုံးမွုႏွင့္ ဆက္စပ္ေနသည္ကို သိရွိခဲ့ေသာ္လည္း ေဆးလိပ္ ေသာက္သုံးျခင္းေၾကာင့္ မည္သို႔ ကင္ဆာေရာဂါ ျဖစ္ပြားလာေၾကာင္းကိုမူ ရွင္းလင္းစြာ မသိရွိေသးေၾကာင္း သိရသည္။

ယင္းအေၾကာင္းအရာအား ေလ့လာရန္ သုေတသန ပညာရွင္မ်ားသည္ ကင္ဆာ အက်ိတ္ေပါင္း ၅,၀၀၀ ေက်ာ္အား ဆန္းစစ္ကာ ေဆးလိပ္ေသာက္သူ၏ ကင္ဆာ အက်ိတ္ ႏွင့္ ေဆးလိပ္ လုံးဝမေသာက္သုံးသူ၏ ကင္ဆာ အက်ိတ္ တို႔ကို ႏွိုင္းယွဥ္ၾကည့္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေလ့လာရာ၌ ပညာရွင္မ်ားသည္ အထူးသျဖင့္ ဗီဇ ေျပာင္းလဲမွုဆိုင္ရာ ထင္ရွားသည့္ အမွတ္ သေကၤတမ်ား ဟုေခၚသည့္ DNA ပ်က္စီးမွု၏ ပုံမွန္မဟုတ္သည့္ ေမာ္လီက်ဴး ဖြဲ႕စည္းပုံမ်ားကို ေတြ႕ရွိခဲ့ၿပီး ၎တို႔သည္ ကင္ဆာ အက်ိတ္ အမ်ိဳးမ်ိဳး၌ ယင္း ပုံမွန္ မဟုတ္သည့္ ေမာ္လီက်ဴး ဖြဲ႕စည္းပုံမ်ားကို ေရတြက္ခဲ့ရာ ပညာရွင္မ်ားသည္ အနည္းဆုံး DNA ပ်က္စီးမွု၏ ကြဲျပားေသာ ျဖစ္စဥ္ ၅ ခုသည္ ေဆးလိပ္ ေသာက္သုံးမွုေၾကာင့္ ျဖစ္ေၾကာင္း ေဖာ္ထုတ္နိုင္ခဲ့သည္။

ေဆးရြက္ႀကီးပါဝင္သည့္ ေဆးလိပ္ ေသာက္သုံးမွုေၾကာင့္ ႏွစ္စဥ္ လူေပါင္း ၆ သန္းထက္ မနည္း ေသဆုံးလ်က္ရွိၿပီး ယခု အေရအတြက္ႏွုန္းျဖင့္ ေသဆုံးမွုမ်ား ဆက္လက္ျဖစ္ပြားေနပါက ၂၁ရာစုႏွစ္အတြင္း ေဆးလိပ္ ေသာက္သုံးမွုေၾကာင့္ ေသဆုံးသူဦးေရသည္ တစ္ဘီလီယံ ရွိလာမည္ျဖစ္ေၾကာင္း ကမၻာ့ က်န္းမာေရး အဖြဲ႕အစည္းက ခန႔္မွန္းခဲ့ေၾကာင္း သိရသည္။ (Xinhua)
-------------------------------------------
(Unicode Version)
ဆေးလိပ် တစ်နေ့ တစ်ဘူး သောက်သုံးပါက နှစ်စဉ် အဆုတ်အတွင်း ဗီဇ ပြောင်းလဲမှု ၁၅၀ ခန့်ဖြစ်ပွား

ဝါရှင်တန်၊ နိုဝင်ဘာ ၆ရက် (ဆင်ဟွာ)
တစ်ရက်လျှင် ဆေးလိပ် တစ်ဘူး သောက်သုံးသူများသည် နှစ်စဉ် ၎င်းတို့၏ အဆုတ်အတွင်း ပျမ်းမျှအားဖြင့် ဗီဇ ပြောင်းလဲမှု ၁၅၀ကျော် ဖြစ်ပွားကြောင်း လေ့လာတွေ့ရှိမှု အသစ် တစ်ခုအရ သိရပြီး အဆိုပါလေ့လာချက်သည် ဆေးလိပ် သောက်သုံးသူများ အဆုတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မည်မျှမြင့်တက်မှုရှိသည်ကို ရှင်းပြရာ၌ အထောက်အကူပြုကြောင်း သိရသည်။

အဆိုပါ လေ့လာချက်အရ ဆေးလိပ် တစ်နေ့တစ်ဘူး သောက်သုံးမှုသည် အဆုတ်အပြင် အခြားသော အင်္ဂါ အစိတ်အပိုင်းများတွင်လည်း ဆိုးကျိုးသက်ရောက်မှု ရှိစေကြောင်း သိရသည်။

Los Alamos အမျိုးသား ဓါတ်ခွဲခန်း တွဲဖက်ဦးဆောင်သူ စာရေးဆရာ Ludmil Alexandrov က ယခင်က ဆေးလိပ်သောက်ခြင်းနဲ့ ကင်ဆာရောဂါ ဆက်စပ်နေသည့် သိသာ ထင်ရှားသော သက်သေ သာဓကများ ရှိခဲ့ပြီး ယခုအခါ ဆေးလိပ်သောက်ခြင်းကြောင့် DNA အတွင်းရှိ မော်လီကျူး ပြောင်းလဲမှုများအား အမှန်တကယ် လေ့လာ တွက်ချက်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။ အဆိုပါ တွေ့ရှိချက်အား ယခုအပတ်ထုတ် အမေရိကန် သိပ္ပံ ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဆေးလိပ်တွင် ကင်ဆာရောဂါ ဖြစ်ပွားစေသည့် ဓာတုပစ္စည်း ၇၀ ကျော် အပါအဝင် ဓာတုပစ္စည်း ၇,၀၀၀ ကျော် ပါဝင်နေကြောင်း သိရသည်။ ယခင် လေ့လာ တွေ့ရှိချက်များအရ ဆေးလိပ်ငွေ့နှင့် တိုက်ရိုက် ထိတွေ့မှု မရှိသည့် တစ်သျှူးအတွင်း ကင်ဆာဖြစ်ပွားမှု အပါအဝင် ကင်ဆာ ၁၇ မျိုး ဖြစ်ပွားမှုနှုန်း မြင့်တက်လာမှုသည် ဆေးလိပ် သောက်သုံးမှုနှင့် ဆက်စပ်နေသည်ကို သိရှိခဲ့သော်လည်း ဆေးလိပ် သောက်သုံးခြင်းကြောင့် မည်သို့ ကင်ဆာရောဂါ ဖြစ်ပွားလာကြောင်းကိုမူ ရှင်းလင်းစွာ မသိရှိသေးကြောင်း သိရသည်။

ယင်းအကြောင်းအရာအား လေ့လာရန် သုတေသန ပညာရှင်များသည် ကင်ဆာ အကျိတ်ပေါင်း ၅,၀၀၀ ကျော်အား ဆန်းစစ်ကာ ဆေးလိပ်သောက်သူ၏ ကင်ဆာ အကျိတ် နှင့် ဆေးလိပ် လုံးဝမသောက်သုံးသူ၏ ကင်ဆာ အကျိတ် တို့ကို နှိုင်းယှဉ်ကြည့်ခဲ့ကြောင်း သိရသည်။

ထိုသို့ လေ့လာရာ၌ ပညာရှင်များသည် အထူးသဖြင့် ဗီဇ ပြောင်းလဲမှုဆိုင်ရာ ထင်ရှားသည့် အမှတ် သင်္ကေတများ ဟုခေါ်သည့် DNA ပျက်စီးမှု၏ ပုံမှန်မဟုတ်သည့် မော်လီကျူး ဖွဲ့စည်းပုံများကို တွေ့ရှိခဲ့ပြီး ၎င်းတို့သည် ကင်ဆာ အကျိတ် အမျိုးမျိုး၌ ယင်း ပုံမှန် မဟုတ်သည့် မော်လီကျူး ဖွဲ့စည်းပုံများကို ရေတွက်ခဲ့ရာ ပညာရှင်များသည် အနည်းဆုံး DNA ပျက်စီးမှု၏ ကွဲပြားသော ဖြစ်စဉ် ၅ ခုသည် ဆေးလိပ် သောက်သုံးမှုကြောင့် ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ဆေးရွက်ကြီးပါဝင်သည့် ဆေးလိပ် သောက်သုံးမှုကြောင့် နှစ်စဉ် လူပေါင်း ၆ သန်းထက် မနည်း သေဆုံးလျက်ရှိပြီး ယခု အရေအတွက်နှုန်းဖြင့် သေဆုံးမှုများ ဆက်လက်ဖြစ်ပွားနေပါက ၂၁ရာစုနှစ်အတွင်း ဆေးလိပ် သောက်သုံးမှုကြောင့် သေဆုံးသူဦးရေသည် တစ်ဘီလီယံ ရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းက ခန့်မှန်းခဲ့ကြောင်း သိရသည်။ (Xinhua)