နောက်ဆုံး တင်သမျှ

Thursday, 24 November 2016

ကွီးသစ်နှင့်ပိုးပုဆိုး

ရတနာပုံသတင်းစာမှာ မိတ်ဆွေအယ်ဒီတာက ဖော်ပြဖို့ရွေးတယ် အထက်က ပယ်တယ်။ အဲတော့ ဒီမှာပဲ ပြန်တင်ပါရစေ။


(နိဒါန်း)

ငရုတ်ဆုံရွာတွင် သူကြီးဘပြောင်ပြီးနောက် ရွာကာလသားခေါင်းကိုရွှေသစ် သူကြီးဖြစ်လာသည်။ သူကြီးမှရိုးရိုးသူကြီးမဟုတ်။ ငရုတ်ဆုံအုပ်စုဝင် ရွာငယ်ဆယ့်လေးရွာရှိ သူကြီးအားလုံး၏အထက်က သူကြီးချုပ်ဖြစ်၏။ ဖြစ်ပေမပေါ့ ကိုရွှေသစ်သည် မေမေ့သားဖြစ်နေသည်လေ။ မေမေ့သားဖြစ်သဖြင့် သူကြီးရွေးပွဲတွင် မေမေ့မျက်နှာကြောင့်ပင် ကိုရွှေသစ် မဲအပြတ်အသတ်ဖြင့် သူကြီးဟောင်းဘပြောင်ကို အနိုင်ရလိုက်သည်။

ကိုရွှေသစ်၏မေမေသည် ဘာသာရေး၊ လူမှုရေး၊ ရပ်ရေးရွာရေးတွင် ငရုတ်ဆုံရွာတစ်ရိုးဖြန်းဖြန်းဖြိုးမျှ လှူခဲ့တန်းခဲ့သူ ဒါနရှင်ကြီးဖြစ်သည်။ ငရုတ်ဆုံရွာတင်မက ရွာငယ်လေးဆယ့်လေးရွာဖြင့် ဖွဲ့စည်းထားသော ငရုတ်ဆုံရွာအုပ်စုတွင်ပါ ကိုရွှေသစ်မေမေ၏သဒ္ဒာဂုဏ်သတင်းက မွှေးပျံ့သည်။ ထို့ကြောင့်ပင် ကိုရွှေသစ်မှာ ငရုတ်ဆုံရွာတင်သာမက ငရုတ်ဆုံအုပ်စုဝင်ရွာများက စုပေါင်းမဲပေးကြရသည့် ငရုတ်ဆုံအုပ်စုသူကြီးချုပ်အဖြစ်ပါ ရွေးကောက်ခံရလေသည်။

ကိုရွှေသစ်အမေဒေါ်ဒေါင်းအား ငရုတ်ဆုံရွာတစ်အုပ်စုလုံးက မည်မျှချစ်ကြသနည်းဆိုသော် ကိုရွှေသစ်ခေါ်သကဲ့သို့ပင် မေမေဟုသာခေါ်ကြလေသည်။ သမီးအချစ်မြေးအနှစ်(ဆိုင်ဆိုင်မဆိုင်ဆိုင်) ဆိုကြသည့်အတိုင်း ကိုရွှေသစ်ကိုပင် ကိုရွှေသစ်ဟုမခေါ်ကြတော့။ ကိုကြီးသစ်ဟု ချစ်စနိုးဖြင့် ပြောင်းလဲခေါ်ဝေါ်ကြလေသည်။

"ကိုကြီးသစ်" "ကိုကြီးသစ်"ဟု ခေါ်ရင်းရင်းခေါ်ဖြင့်ပင် ကြာတော့ ကိုရွှေသစ်ခမြာ "ကွီးသစ်"ဖြစ်သွားလေတော့သည်။

***

အပိုင်း(၁)

ကွီးသစ်သူကြီးချုပ်ဖြစ်လာပြီးနောက် ငရုတ်ဆုံရွာကလေးသည် အကြီးအကျယ်ပြောင်းလဲသွားလေ၏။မပြောင်းလဲ ခံနိုင်ရိုးလား။ ကွီးသစ်၏ကြွေးကြာ်သံကား ပြတ်သည်ရှင်းသည်။ "အရင်သူကြီးအဆက်ဆက်လက်ထက် မနှိမ်နင်းနိုင်ခဲ့တဲ့ ဖဲဝိုင်း၊ ကြက်ဝိုင်းနဲ့ ရွာမှာသောင်းကြမ်းနေတဲ့ ငမူးငရူးတွေ အကုန်သတိထားကြ။ ငါ အကုန်ရှင်းပစ်မကွ"။ တိန်။ ငမူးငရူးများ တိန်ကနဲမြည်ကာ ဖျားသွားသည်။ ဖဲသမား၊ ကြက်သမားများ ဂိန်ကနဲအော်ကာ နားသွားသည်။

ပြောရုံ၊ ကြိမ်းရုံပင်ရှိသေးသည်။ တကယ်လုပ်မပြရသေးခင်မှာပင် ငရုတ်ဆုံတစ်အုပ်စုလုံး "ကွီးသစ်ကွ ကွီးသစ်... ရွှီ... ဖြောင်း ဖြောင်း ဖြောင်း..."။ အားပေးသံ၊ လက်ခေါက်မှုတ်သံ၊ လက်ခုပ်တီးသံတွေ သောသောညံသွားသည်။ 
ထို့နောက် ကွီးသစ်က ရွာလုံခြုံရေး အထူးအဖွဲ့ဆိုပြီး ထပ်မံဖွဲ့စည်းလိုက်ပြန်၏။ ရည်ရွယ်ချက်ကတော့ ရွာတွင်တောထသလိုထနေသည့် ဒုစရိုက်မှုများအား နှိမ်နင်းရန်ဟု ဆိုသည်။ သို့သော်ထိုအဖွဲ့မှာ အသစ်တော့မဟုတ်။ သူကြီးဟောင်းဘပြောင်လက်ထက် ရွာမိရွာဘအဖွဲ့အား ဖျက်သိမ်း၊ အမည်ပြောင်းကာ လူဟောင်းများနှင့်ပင် ဖွဲ့စည်းလိုက်ခြင်းသာ ဖြစ်လေသည်။ ထုံစံအတိုင်း မေမေ့သားကွီးသစ်လက်ထက်တွင် ခွေးဖင်ချင်ပူးတာကိုပင် လက်ခေါက်မှုတ်၊ လက်ခုပ်တီးအားပေးဖို့ချောင်းနေသော ငရုတ်ဆုံရွာသားများကတော့ "ကွီးသစ်ကွ ကွီးသစ်... ရွှီ... ဖြောင်း ဖြောင်း ဖြောင်း..."တွေ ထလုပ်ကြပြန်၏။

တစ်လ၊ နှစ်လ အကြောင်းမထူး။ ကြက်ဝိုင်းလည်း မပျောက်။ ဖဲဝိုင်းလည်း ရှိမြဲ။ ငမူးငရူးများကလည်း မူးလာတိုင်းရွာလုံးပတ်ဆဲ ရမ်းကားမြဲပင်။ ငရုတ်ဆုံရွာသားများ သည်းခံကြသည်။ "အခုမှ သူကြီးဖြစ်တာ ရက်တစ်ရာတောင် မပြည့်သေးဘူး။ သူကြီးအဆက်ဆက် နှစ်ပေါင်းများစွာကတည်းက ပျက်လာတဲ့ရွာကြီး။ ပြုပြင်ရတာ ဘယ်လွယ်မလဲ။ ရက်တစ်ရာပြည့်အောင် စောင့်လိုက်ပါ့ဦး"။ တိန်။ ဒီတစ်ခါတိန်သည်က ဒုစရိုက်သမားများ မဟုတ်။ စိတ်မရှည် အတွေးတိမ်သောငရုတ်ဆုံရွာသားအချို့ တိန်ကနဲမြည်သွားသည်။

သုံးလကျော် လေးလတွင်းစာရင်းပေါ်သွားသည်။ ရက်တစ်ရာလည်း ပြည့်ခဲ့ပြီ။ ကြက်ဝိုင်းလည်း မပျောက်။ ဖဲဝိုင်းလည်း ရှိမြဲ။ ငမူးငရူးများကလည်း မူးလာတိုင်းရွာလုံးပတ်ဆဲ ရမ်းကားမြဲပင်။ ထို့ထက်ပိုလာသည်မှာ ငရုတ်ဆုံရွာကနေ အနီးစပ်ဆုံးနယ်မြို့ငယ်လေးထိ ပြေးဆွဲပေးနေသော မောင်ထွန်းသိန်း၏ထော်လာဂျီဒရိုင်ဘာ၊ စပယ်ယာများ အထူးရမ်းကားလာခြင်းပင်။ဤတော့လည်း သို့သော်လည်း အဲတဲ့ပေါ့လေ...(ကာတွန်းမောင်ခိန်)။ 

"ဟ ရက်တစ်ရာက ခုမှပြည့်ရုံရှိသေးတယ် စောင့်ပါ့ဦး"။ တိန်။

ရက်နှစ်ရာကျော်တော့ လူသတ်မှုတွေပါဖြစ်သည်။ လက်သည်မပေါ်။ ရွာမှာကျော်မကောင်းကြားမကောင်း သက်ငယ်မုဒိမ်းတွေပေါလာသည်။ ကြက်ဝိုင်းလည်း မပျောက်။ ဖဲဝိုင်းလည်း ရှိမြဲ။ ငမူးငရူးများကလည်း မူးလာတိုင်းရွာလုံးပတ်ဆဲ ရမ်းကားမြဲပင်။ မောင်ထွန်းသိန်းရဲ့ထော်လာဂျီဒရိုင်ဘာ၊ စပယ်ယာများကလည်း ရွာသူရွာသားခရီးသွားများအပေါ် ပါးစပ်နဲ့မိုက်ရိုင်းရုံအားမရတော့။ သံဒုတ်ကိုင်၊ ဝါးရင်းဒုတ်ကိုင် မိုက်ရိုင်းလာကြသည်...။ ဒါလည်းတစ်ချို့က "ကွီးသစ်မှ ကွီးသစ်"ဖြစ်နေတုန်းပင်။ "မေမေ့မျက်နှာ...။ အလှူ့ရှင်မကြီး ဒေါ်ဒေါင်းမျက်နှာများ တယ်ကြီးသကိုး"ဟုသာ အောက်မေ့ကြရတော့သည်။ တိန်။

ကွီးသစ်ကလည်း ပြောရှာပါ၏။ "ဒုစရိုက်မှုတွေနဲ့ပတ်သက်လို့ ရွာလုံခြုံရေးအထူးအဖွဲ့က ကိုင်တွယ်ရမှာ။ သူတို့က အရင်သူကြီးဟောင်း ဘပြောင်ရဲ့လူတွေဆိုတော့ ကျုပ်ကိုင်လို့မရဘူး"တွေ၊ ဘာတွေလေသံပစ်လာသည်။ တိန် ခံဟ။

"ဟုတ်တာပေါ့ ဘပြောင်လူတွေကိုးကွ။ ကွီးသစ်အမိန့် ဘယ်နာခံမလဲ။ ကြီးသစ္ချမာ သနားပါတယ္ကြာ"

အလွန်နားလည်ပေးနိုင်သော၊ အလွန်သည်းခံစိတ်ရှည်သော ငရုတ်ဆုံရွားသားများပင်။ ပင်ကိုယ်စိတ်ထားကလည်း နားလည်၊ သည်းခံစိတ်ရှည်ခြင်းကလည်း အံ့မခမ်း။ တရားဟောလည်းကောင်းသည့် ရွာဦးဆရာတော်တစ်ပါးကိုပါ ပိုင်ဆိုင်ထားရသည်ကိုပင် ငရုတ်ဆုံရွာသားများ ကျွတ်တမ်းဝင်အရိယာမဖြစ်သည်မှာ အံသြစရာကောင်းလှပေသည်။ တိန် တိန် တိန်။

***

အပိုင်း(၂)

ကွီးသစ်က အပြောသာကြီးသည်မဟုတ်။ ပြဿနာလည်း အလွန်ရှာတတ်သည်။ အဆော့သန်အဆော့မက်လွန်းသော ရွာဦးကျောင်းကကိုရင်လေးများအား လူဝတ်လဲခိုင်းဖို့ ရွာဦးဆရာတော်အား သွားလျှောက်လား လျှောက်၏။ တစ်တိန်။ ရွာတွင်းတိုက်ဆောက်နေသော သူဌေးများအား တိုက်ဆောက်မိန့်တင်ရမည်။ တိုက်ဆောက်မိန့်မပြနိုင်လျှင် ဖျက်ရမည်တွေဘာတွေ အမိန့်ထုတ်လား ထုတ်၏။ နှစ်တိန်။ ထိုအမိန့်အောက်တွင် ကွီးသစ်၏အမအရင်း ဒေါ်နန်းပါ ထိသည်။ မောင်နှမနှစ်ယောက် လူမမြင်ကွယ်ရာ ၎င်းတို့အိမ်အတွင်းမှာ ထတောင်သတ်ကြသည်ဟု သတင်းသဲ့သဲ့ ကြားရသည်။ သုံးတိန်။ ဘယ်အရာမှဘာမှလုပ်မရ။ ငါသူကြီးကွဟု မာန်တက်ကာ စိတ်ထင်ရာ လိုက်လံအာချောင် အာဏာပြနေခြင်းသာဖြစ်သည်။ မောင်နှမချင်းပါ အချင်းများ ထသတ်ကုန်ကြပြီလည်းဆိုရော ကွီးသစ်၏မေမေဒေါ်ဒေါင်းပင် မနေသာတော့ပေ။ ကွီးသစ်တို့မောင်နှမနှစ်ယောက်စလုံးအား ခေါ်ဆူရသည်ဟု အတွင်းသတင်းပြန်ကြားရသည်။ တိန် တိန့် တိန် တိန်စကွဲယားကို တိန်တစ်ရာနှင့်မြှောက်ရလောက်အောင် အာချောင်ပြဿနာရှာနိုင်လွန်းသော ကွီးသစ်ပင်ဖြစ်သည်။

ထိုသို့ မေမေဒေါင်းခေါ်ဆူသည်ဟု သတင်းထွက်ပြီးနောက်ပိုင်း ကွီးသစ်တစ်ယောက် အသံသိပ်မကြားရ။ နည်းနည်းငြိမ်သွားသည်။ ကွီးသစ်တို့ငြိမ်လျှင် မျောက်လောက်တော့ဆော့သည်ဟု ပြောရမလိုပင်။ ဝမ်းဒလစပ်သွားထားသော ဖင်သည် အဘယ်မှာ ချက်ချင်းရပ်ပါမည်နည်း။ လေပုပ်ကလေးတော့ လည်ဦးမည်ပင်။ မောင်ထွန်းသိန်းနဲ့ပေါင်း ထော်လာဂျီကားသင်းကြီးပဲ ထောင်တော့မယောင်။ မောင်ထွန်းသိမ်း၏တစ်စီးတည်းသာရှိသည့် ထော်လာဂျီမှာ ဥက္ကဌကြီးပင် ဝင်လုပ်နေသယောင်ယောင် သတင်းထွက်လာသေးသည်။ မောင်ထွန်းသိမ်း၏ထော်လာဂျီဒရိုင်ဘာ စပယ်ယာများကလည်း။ အရင်ထက်ပိုလက်စွမ်းပြလာသည်။ ခရီးသည်များတင်မကတော့ ရွာလမ်းပေါ်တွေ့သမျှ နွားလှည်းများကိုပါ လမ်းဖယ်မပေးရကောင်းလားဟု ရိုက်မယ်နှက်မယ် တကဲကဲလုပ်လာသည်။

ယခုနောက်ဆုံး ငရုတ်ဆုံရွာတစ်ရွာလုံး တစ်အုပ်စုလုံး အာမေဋိတ်သံတစ်ညီတစ်ညွှတ်တည်း ရွာဆူအောင် တိန်ကြရသည်ကား "အလှူတစ်ခုတွင် သူကြီးတစ်ဦးဝတ်လာသည်မှာ မကြာမီကမှထောင်ကထွက်၍ ချက်အရက်ပုန်းဆိုင်ထောင်ထားသည့် သူခိုးဟောင်းတစ်ဦးက ကန်တော့လိုက်သော ခိုးရာပါပိုးပုဆိုးဖြစ်သည်"ဆိုသည့်သတင်းပင်ဖြစ်သည်။

***

အပိုင်း(၃)

ထိုသတင်းကို ငရုတ်ဆုံရွာအုပ်စုအတွင်း စတင်ဖြန့်ဝေသူမှာ အခြားမဟုတ်။ ငရုတ်ဆုံရွာသားမူလတန်းပြဆရာလေး ဆရာဝမ်းပင်ဖြစ်သည်။ ဆရာဝမ်းကား သူကြီးဘပြောင်လက်ထက်ကတည်းက ရွာသူကြီးဘပြောင်၏အဂတိလိုက်စားမှုများကို အများဆုံးသတင်းဖြန့်သူ ဖြစ်ပါသည်။ ဖြန့်သည်မှ ဝို့တိုးဝါးတား ဟိုသူကြီးလိုလို သည်သူကြီးလိုလို ထင်ယောင်ထင်မှားဖြန့်သည်မဟုတ်။ သူကြီးဘပြောင်နှင့်ရွာမိရွာဖများ အဂတိလိုက်စားသည်ဟု အတိအကျ သတင်းဖြန့်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ရွာလည်ခေါင်လဘက်ရည်ဆိုင်တွင် ဆရာဝမ်းရောက်လာပြီဆိုသည်နှင့် သူ့အနား သတင်းနားထောင်ချင်သောငရုတ်ဆုံရွာသားများ ဝိုင်းဝိုင်းလည်နေ၏။

ဆရာဝမ်းပြောသောသတင်းအား ဟုတ်လား မဟုတ်လား။ ဖြစ်နိုင်လား မဖြစ်နိုင်လား။ အဘယ်သကောင့်သား ငရုတ်ဆုံရွာသားကမှ မဆန်းစစ်ကြ။ "ဟုတ်တယ် ဖြစ်နိုင်တယ်။ ဒီသူကြီးဘပြောင် မကောင်းဘူး"ဟုသာ ထပ်ဆင့်သတင်း ဖြန့်ဝေကြလေသည်။ ငရုတ်ဆုံရွာသား လူကြီးလူငယ် မဟာပညာကျော်ဥာဏ်ကြီးရှင်များ၏ ပါရမီထူးကဲတော်မူထသော ပညာဥာဏ်ကြီးမားမှုဟုသာ မှတ်ရလိမ့်မည် ထင်ပါသည်။ 

ထို့ကြောင့်ပင် သူကြီးဘပြောင်မှာ ရွာသူကြီးရွေးကောက်ပွဲ၌ မေမေ့သားကွီးသစ်ကိုမယှဉ်နိုင်ပဲ ခွက်ခွက်လန်အောင် ရှုံးခဲ့ရလေသည်။ ဆိုရလျှင် ကွီးသစ်သူကြီးဖြစ်ရခြင်း၌ ဆရာဝမ်း၏ကျေးဇူးမကင်းပေ။ မည်မျှပင် ကျေးဇူးမကင်းစေကာမူ ယခုသော် ဆရာဝမ်းတစ်ယောက် ကွီးသစ်၏သမမှုကြောင့် ဒုက္ခနှင့်လှလှတွေ့လေပြီ။

ဆရာဝမ်းပြောသောအလှူမှာ ငရုတ်ဆုံရွာအုပ်စုအတွင်း အချမ်းသာဆုံး သူဌေးကြီး မင်းပေါက်စိုးပေါက်ကြီး၏အလှူဖြစ်သဖြင့် ငရုတ်ဆုံအုပ်စုဝင်ရွာများမှ သူကြီးအားလုံးလာကြ၏။ အားလုံးမှာလည်း တတ်နိုင်သူများဖြစ်သဖြင့် အမရပူရပိုးပုဆိုးများအား သူကြီးဆယ့်လေးယောက်စလုံး တစ်ရွှမ်းရွှမ်းဝတ်လာကြလေသည်။ ဘယ်သူကြီးသည် ထောင်ထွက်သူခိုး ချက်အရက်ပုန်းဆိုင်ပိုင်ရှင်က ကတော့လိုက်သောပိုးပုဆိုးကို ဝတ်ဆင်လာသည်ဟု ပြောရခက်လှသည်။ 

ငရုတ်ဆုံရွာတစ်အုပ်စုလုံးမှာလည်း တက်သမျှသူကြီးများအဆက်ဆက် ခေတ်ကပျက်ချင်တိုင်းပျက်ခဲ့သဖြင့် ရွာအားလုံးတွင် ချက်အရက်ပုန်းဆိုင် ကိုယ်စီရှိသည်။ ချက်အရက်ပုန်းဆိုင်ပိုင်ရှင်တိုင်းမှာလည်း လစ်လျှင်ခိုး။ မလစ်လျှင် အရက်ပုန်းရောင်းသည့်ထောင်ထွက်သူခိုး ကြောင်သူတော်များချည်းသာဖြစ်၏။ ဆရာဝမ်းပြောသည့် ခိုးရာပါပိုးပုဆိုးကတော့သည့်ထောင်ထွက်သူခိုးဆိုသည်မှာ ငရုတ်ဆုံတစ်ရွာလုံ မည်သူမှမသိကြ။ သူကြီးကား ဟိုသူကြီး။ သူခိုးကား ဒီသူခိုးလားမသိဟူ၍သာ စိတ်မှန်းဖြင့် ပြောဆိုကြရသည်။

ထိုအခြေအနေမှာပင် ကွီးသစ်က တစ်စခန်းထလာသည်။ ရွာလုံးကျွတ်အစည်းအဝေးခေါ်ကာ ခိုးရာပါပိုးပုဆိုးကိစ္စ ထရှင်းပါလေတော့သည်။ "အလှူတွင် မိမိဝတ်သောပိုးပုဆိုးမှာ ထောင်ထွက်သူခိုးကတော့ထားသော ခိုးရာပါပိုးပုဆိုးမဟုတ်ကြောင်း။ မိမိမင်္ဂလာဆောင်စဉ်က သူတို့သားဝတ်စုံပင်မဝယ်နိုင်သဖြင့် မိမိ၏လက်ရှိဇနီးက ဝယ်ပေးခဲ့သော ပိုးပုဆိုးကိုသာ ထိုအလှူတွင် ဝတ်ဆင်ခဲ့ကြောင်း"စသဖြင့် ရွာရှိလူကုန်ရောက်ရှိနေသော အစည်းအဝေးကြီးတွင် ပိုးပုဆိုးအဟောင်းလေးတကိုင်ကိုင်ဖြင့် နှပ်ကလေးတရှုံရှုံလုပ်ရင်း ငိုမဲ့ငိုမဲ့ရှင်းပြလေ၏။

ထိုအစည်းအဝေးပြီးနောက်တစ်နေ့ ရွာလည်ခေါင်ရှိ ကုလားမီဒီး၏"အဖေ့ပုတ်"လဘက်ရည်ဆိုင်တွင် ငရုတ်ဆုံရွာသားများ အချင်းချင်းထသတ်ခမမ်း အငြင်းပွားကြလေတော့သည်။

"ကွီးသစ် သနားပါတယ်ကွာ။ မဟုတ်ပဲ အပြောခံရတော့ သူ့ခမြာ ငိုမဲ့ငိုမဲ့နဲ့"

"ဟုတ်တယ် ကွီးသစ် ငြိမ်မခံသင့်ဘူး။ ဒီကိစ္စ ရွာလုံခြုံရေးအဖွဲ့က ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်တယ်။ ခြောက်ပေါက်နဲ့ အပြစ်ပေးသင့်တယ်"

"အေးကွ တို့ငရုတ်ဆုံရွာမှာ ခြောက်ပေါက်က နှစ်ခုရှိတာဆိုတော့ လက်ကိုတစ်ခုခတ်။ ခြေထောက်ကို တစ်ခုခတ်။ နှစ်ခုဆိုတော့ ခြောက်ခြောက်။ မဟုတ်မမှန် သတင်းလွှင့်တဲ့ ဆရာဝမ်းကို ခြောက်ခြောက်နဲ့ အပြစ်ပေးသင့်တယ်"

ငရုတ်ဆုံရွာတွင် ခြောက်ပေါက်ခေါ် ထိပ်တုံးနှစ်ခုရှိရာ သူကြီးအဆက်ဆက်က သူရို့အမြင်ကပ်သူများအား ထိပ်တုံးခေါ်ခြောက်ပေါက်ကို တစ်ခုတည်းမခတ် ခြေရောလက်ရော နှစ်ခုခတ်တတ်သည်။ ထိုသို့ခတ်သည်ကို ခြောက်ခြောက်နှင့်အပြစ်ပေးသည်ဟု ငရုတ်ဆုံရွာသားတို့က အလွယ်ခေါ်ကြ၏။ ထိုခြောက်ခြောက်မှာ သူကြီးအဆက်ဆက်၏ ခြောက်မြင်ကတ်ပုဒ်မလည်း ဖြစ်သည်။

***

(နိဂုံး)

ဆရာဝမ်းသည် သူကြီးဘပြောင်လက်ထက် မတရားမှုများကို သတင်းပေးသူ ဆရာကြီးတစ်ဦးအဖြစ် ငရုတ်ဆုံရွာသားတို့၏ အားကိုရာ ငရုတ်ဆုံရွာပါးစပ်မီဒီယာသမားကြီး ဖြစ်ခဲ့သည်။ ဘပြောင်အမည် အတိအကျဖြင့်ပြောခဲ့ခြင်း ဖြစ်သော်ငြား သူကြီးဘပြောင်၏ အရေးယူခြင်းကိုလည်း မခံခဲ့ရရှာပေ။ ငရုတ်ဆုံရွာသားရွှေဥာဏ်တောစူးရောက်များကလည်း ဟုတ်မဟုတ်မစမ်းစစ်ကြပေ။ များသောအားဖြင့် ဆရာဝမ်းပြောသော သူကြီးအဆက်ဆက်၏အဂတိလိုက်စားမှုများမှာ အမည်အတိအကျပြောစဉ်ကပင် အမှန်ဟုတ်မဟုတ်။ မည်သူမှ သက်သေမပြနိုင်။

အဂတိတရားဆိုသည်ကိုယ်တိုင်က သက်သေပြရန် ခက်ခဲသည်။ "ကိုယ်ဖျောက်နိုင်သော ဝိဇ္ဇာဓိုရ်နှင့် မြင်အပ်မှမြင်ရသောနတ်သမီး နောက်မီးလင်းသည်ကို မျက်မမြင်က ချောင်းကြည့်ရသည်နှင့်တူသည်"ဟု စာရေးသူက ယူဆသည်။ သူကြီးဘပြောင်လက်ထက် ဆရာဝမ်းပြောသမျှ တိကျကျမတိကျကျ ဇွတ်မှိတ်ယုံခဲ့သော ငရုတ်ဆုံရွာ ရွှေဥာဏ်တော် စူးရောက်ငယ် စူးရောက်လတ် စူးရောက်ကြီးများက ကွီးသစ်လက်ထက်တွင် ဆရာဝမ်းအား မယုံကြတော့။ 

"မဟုတ်ပဲနဲ့ တို့ကွီးသစ်ကို သက်သက်သိက္ခာချတာ။ ခြောက်ခြောက်နဲ့ အပြစ်ပေးပါ။ ရွာလုံခြုံရေးအဖွဲ့ ဘာလုပ်နေသလဲ"တွေ ဘာတွေ ဖြစ်ကုန်သည်။ ဤသို့ဖြင့် ငရုတ်ဆုံရွာပါးစပ်မီဒီယာသမား မူလတန်းပြလေး ဆရာဝမ်းခမြာ ခြေရောလက်ပါ ခြောက်ပေါက်နှစ်ခုဖြင့် ဆန့်ဆန့်ကြီးအရေးယူခံလိုက်ရှာသည်။ ရွာရှိဒုစရိုက်မှုများနှင့်ပတ်သက်လာလျှင် "သူကြီးဟောင်းဘပြောင်လူများဖြစ်သဖြင့် ကျုပ်အမိန့်ပေးမရ"ဟု ကွီးသစ် ဆင်ခြေတက်ခဲ့သော ရွာလုံခြုံရေးအဖွဲ့သည်လည်း ပိုးပုဆိုးပြဿနာတွင် ကွီးသစ်ဖိအားပေးသဖြင့် ဆရာဝမ်းအား ချက်ချင်းအရေးယူလေသည်။ ဆရာဝမ်းအဖြစ်အား မကြည့်ရက်သဖြင့် ကုလားမီဒီး၏"အဖေ့ပုတ်"လဘက်ရည်ဆိုင်တွင် ကွီးသစ်ဝန်းရံသူ ရွှေဥာဏ်တော် စူးရောက်ကြီး စူးရောက်လတ် စူးရောက်ငယ်တို့အား စာရေးသူက မေးစမ်းကြည့်မိသည်။

"နေပါ့ဦး မောင်ရင်တို့က ဆရာဝမ်းပြောတဲ့ ခိုးရာပါပိုးပုဆိုးဝတ်လာတဲ့သူကြီးတစ်ဦးဆိုတာ ကွီးသစ်လို့ ဘယ်လိုလုပ်သိတာတုန်း"ဟု မေးမြန်းရာ...

စူးရောက်ကြီးတစ်ဦးက စူးရောက်လတ်တစ်ဦးအား လက်ညှိုးထိုးကာ "ဒီကောင် ပြောတာ"ဟုဆိုလေသည်။ ထိုစူးရောက်လတ်တစ်ဦးမှလည်း အနားရှိစူးရောက်ငယ်တစ်ဦးအား ထပ်မံလက်ညှိုးထိုး၍ "အနော်လည်း တိဝူး သူပြောတာပဲ"ဟု ဆိုပြန်ချေသည်။ ထိုအခါ နောက်ဆုံးလက်ညှိုးထိုးခြင်းခံရသော စူးရောက်ငယ်တစ်ဦးခမြာ ဖိနပ်ချေးသုပ်ပါးရိုက်ခံထားရသော ကြောင်သေမျက်နှာဖြင့်...

"တားက ဘာမှတိဝူးနော် တားဘာမှကြောဘူး။ တားက ရွာအချီးအဝေးမှာ ပိုးပုချိုးလေးကိုင်ပြီး ငိုမဲ့မဲ့မျက်နှာလေးနဲ့ ကွီးသစ်ကြောတာကိုတာ ကျန်ကြောကျတာ။ တားဘာမှမအတိဝူး"ဟု ဆိုလေသတည်း...

စိန်ပလိမ်တိန် မုန့်ကျိုးလိမ်...

စာရေးသူ

ကွီးသစ် အဲလေ ယောင်လို့ ဇော်သစ်
၁၂.၁၁.၂၀၁၆