နောက်ဆုံး တင်သမျှ

Thursday, 10 November 2016

စတုတ္ထမဏ္ဍိုင်အားဖြိုချခြင်း



ဆရာကျော်ဝင်းက ပြောဘူးသည်။ ဒီမိုကရေစီသို့ သွားဖို့ရာအင်မတန်အားကောင်းတဲ့ အင်စတီကျူးရှင်းတွေလိုသတတ်။ အင်စတီကျူးရှင်းတွေက အချင်းချင်းထိန်းသိမ်းရမယ်တတ်။

အရင်ခေတ်က  စစ်တပ်ပဲ တစ်ခုတည်းသောအင်စတီကျူးရှင်း အနေနဲ့ အားအကောင်းဆုံးရှိခဲ့တာ။ ခုဆို ဒီမိုကရေစီအစိုးရခေတ်ရောက်ပြီ။ အင်စတီကျူးရှင်းတွေ အားကောင်းလာအောင် မြေထောင်မြှောက်ပေးနေတာလေးတွေ ရှိမလားဆိုရင်

အလဲဗင်းက ထူးခြားတဲ့ မီဒီယာ။ သူများမရေးရဲတာ ရေးသည်။ သူများမတွေးရဲတာတွေးသည်။ မြစ်ဆုံတို့၊ ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁၁ ဘီလီယံတို့၊ ရန်ကုန်မြို့သစ် စီမံကိန်းတို့၊ ဆက်သွယ်ရေးဝင်း တင်ဒါကိစ္စတို့ ဒါတွေက အလဲဗင်း လက်ရာတွေ။ အစိုးရဌာနတွေကို ကောင်းစွာ balance and checked လုပ်နိုင်ခဲ့သည့် တစ်ခုတည်းသော မီဒီယာ။ နောက်ဆုံး ကုန်းသီးနှင့် ပစ်ခံရသည်အထိ။

အလဲဗင်းရဲ့ ဖော်ထုတ်ချက်တွေက ပြည်သူတွေကို အကျိုးမရှိစေခဲ့ဘူးလား။ ရှိစေခဲ့သည်ပဲ ဆိုပါတော့။ ပြီးတော့ သူက ပြည်သူလူအများရဲ့ အကျိုးကို ရှေ့ရှုသည်ဆိုနိုင်သည်။ အနောက်တံခါး ကိစ္စတွေ၊ မြစ်ဆုံကိစ္စတွေမှာ သူ့ရပ်တည်ချက်မမှား။

ဒါပေမယ့် သူ့မှာ လူမုန်းများသည်။ လက်ရှိအစိုးရတက်ပြီး ၃ - ၄ ကြိမ်မျှ ပြဿနာဖြစ်ပြီးပြီ။ အထူးသဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့နှင့်။ မြန်မာနိုင်ငံဧ၊် စီးပွားရေးနှေးကွေးနေတာကို ပထမဆုံး ထောက်ပြခဲ့တာကလည်း သူ။

မင်းဆိုတာက မင်းလိုလိုက် မင်းကြိုက်တင်တတ်မှ ကြိုက်တာ။ ဘုန်းတော်ဘွဲ့ကိုပဲ ကြားလိုတာ။ ဒီလို အနေအထားမှာ ထောက်ကွက်ရှာတတ်သည့် အလဲဗင်းကို မျက်မုန်းကြိုးမှာမဆန်း။

ဒါပေမယ့် အရင်အစိုးရခေတ်က စီမံကိန်းတွေ ဖျက်သိမ်းရသည့်တိုင် အလဲဗင်းကို ရန်မမူခဲ့။ နောက်ဆုံး ဆက်သွယ်ရေးနဲ့ စက်ဝယ်ယူမှုတွေနဲ့ ပါတ်သက်ပြီး တရားတဘောင် ဖြစ်ကြရတာပဲ ရှိသည်။

ခုတော့ လျစ်လျူရှုလျှင်လည်း ရသည့်ကိစ္စတစ်ခုနှင့် အလဲဗင်းကို တရားစွဲပြီ။ သဘောကတော့ ဒီလောက်ရေးထားတာလေးကိုတောင် သည်းမခံနိုင်ဟု မက်ဆေ့ပေးတာ။ မီဒီယာကို ဒီလောက်လေးတောင် အစမဖော်နဲ့လို့ သတိပေးလိုက်တာ။ ဒါဆိုရင် မီဒီယာတွေ အစိုးရနဲ့ ပါတ်သက်တာ မရေးနဲ့တော့။ တနည်း မီဒီယာတွေအားလုံး ဦးချိုးခံရခြင်းသာတည်း။

သတင်းကို မသေမချာပဲရေး၍ တရားစွဲသည် ဆိုနိုင်သည်။ သို့သော် ဒီလို သတင်းမျိုးဆိုတာ ပါဝင်သူတွေက ဖွင့်ဟဝန်မခံသ၍ ဘယ်တော့မှ မသေချာ။ သို့သော် ဘယ်သူကကော ဖွင့်ဟ ဝန်ခံမည်နည်း။ ဒီလို အနေအထားမှာ ပါတီတစ်ခုလုံးရဲ့ ရပ်တည်မှုက အံ့သြစရာ။ မိမိဖက်က အမှားမရှိဟု မည်မျှသေချာပြီနည်း။ မည်မျှ စုံစမ်း စစ်ဆေးခဲ့ ပြီးပြီနည်း။ မိုးမပြိုကောင်းပြို၍ တစ်ဖက်မှ စွပ်စွဲချက်တို့ မှန်ခဲ့သော် မည်သို့ဖြေရှင်းမည်နည်း။ သူ့ဟာသူတရားစွဲတာဟု ဖြေရှင်း၍ မရ။ အဖွဲ့အစည်းအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်။

မစဉ်းစားပဲ လုပ်လိုက်သော အလုပ်တစ်ခုသည် တိုင်းပြည်ဧ၊် စတုတ္ထ မဏ္ဃိုင်ကို ယိမ်းယိုင်စေနိုင်သည်။

အခန့်မသင့်လျှင် အမှိုက်ကစ ပြဿာဒ်မီးလောင် ပြဿနာအကြီးကြီး တက်နိုင်သည်။

ဒါတွေထိ စဉ်းမှ စဉ်းစားမိကြပါလေစ။

credit - original.writter