နောက်ဆုံး တင်သမျှ

Wednesday, 23 November 2016

ပြည်သူ့အမြင်(၂၀)

ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ

ကျွန်တော် ဦးသိန်းစိန်အစိုးရလက်ထက်တစ်လျှောက်လုံး
ကြံ့ဖွတ်အစိုးရကို ဝေဖန်တယ် သရော်တယ်
NLDနဲ့ဒေါ်အောင်ဆန်းစုကြည်ကို တစ်လျှောက်လုံး ဝန်းရံခဲ့တယ်ဆိုတာ
ကျွန်တော့်အကောင့်ထဲက သက်တမ်းကြာမိတ်ဆွေတွေအတော်များများ
သိပါတယ်
စစ်တစ်ပိုင်းအစိုးရလို့ လူပြောများတဲ့ဦးသိန်းစိန်အစိုးရလက်ထက်မှာ
ကျွန်တော်ရေးခဲ့သမျှ သရော်စာတွေဟာ အပုဒ်နှစ်ဆယ်ခန့်ရှိပြီး
ငရဲမကြောက် အကုသိုလ်မကြောက် အမှန်တရားလို့ ကိုယ်ယုံကြည်ရာ တစ်ခုတည်းအတွက် မဘသကိုတောင် သရော်ခဲ့တယ်

ကျွန်တော် NLDနဲ့အမေစုကို အထူးယုံကြည်အားကိုး ခဲ့တယ်
ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ်ဝန်းရံပေးခဲ့တယ်
ကိုယ်နဲ့သိတဲ့ပညာရှင်တွေ ကိုယ်နဲ့ရင်းနှီးတဲ့အရည်အချင်းရှိသူတွေ အားလုံးကို NLDပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံဖို့အတွက်ပါ တိုက်တွန်းတယ် အကြံပြုခဲ့တယ်

ဒါပေမယ့်ဗျာ
ကျွန်တော်တို့ဝန်းရံခဲ့ မဲပေးခဲ့တဲ့အရပ်သားအစိုးရလက်ထက်
ဒီမိုကရေစီအစိုးရလက်ထက်မှာမှ
အနုပညာနဲ့သရော်ခြင်း အပြုသဘောဝေဖန်ခြင်း
လွတ်လပ်စွာပြောဆိုခွင့်တွေဟာ ဘာကြောင့်များ
စိုးရိမ်စရာကောင်းလာခဲ့ရတာလဲ

အခုဆိုရင် မိတ်ဆွေတစ်ချို့က
မက်ဆေ့ဘောက်ကနေတစ်ဆင့် စိုးရိမ်တကြီး သတိပေးမှုတွေပါ ရှိလာခဲ့ပြီ
မိသားစု ဆွေမျိုး အသိုင်းအဝိုင်းများကလည်း
ပြောမရဆိုမရ ပြန်မပြောနားမထောင်ကောင်မို့သာ လွှတ်ထားရတယ်
သူတို့လည်း ကျွန်တော့်အတွက် အတွင်းကြိတ် ပူပန်နေရပြီ
ဦးသိန်းစိန်လက်ထက်တစ်လျှောက်လုံး မခံစားခဲ့ရဘူးတဲ့ ဖိအားတွေပါပဲ

ကျွန်တော်စိတ်ကတော့ ဒီလိုဖြစ်လေခံပြင်းလေပါပဲ
ကျွန်တော်တို့ ရွေးချယ်ခဲ့တာ တတိယမြောက် အာဏာရှင်တော့
မဟုတ်တန်ကောင်းပါဘူး
ဒါ့အပြင်
တစ်ချို့လွှတ်တော်ကိုယ်စားလှယ်တော်များနဲ့ တစ်ချို့သောNLDဝန်းရံသူများရဲ့ပြောကြားချက်များဟာလည်း
မုသာဝါဒနဲ့လိမ်ညာဝါဒဖြန့်မှုတွေလားဆိုတာ
စဉ်းစားစရာ ဖြစ်လာရပါတယ်

ဒီကနေ့
ကျွန်တော်နဲ့ရင်းနီးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ မရင်းနီးတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ NLDလော်ဘီတွေ အမြဲပြောနေတဲ့စကားတစ်ခွန်း
ဆင်သေကိုဆိတ်သရေနဲ့ဖုံးနေတဲ့စကားတစ်ခွန်းဟာ လိမ်ညာဝါဒဖြန့်နေတာ
ထမင်းရည်ပူလျှာလွှဲနေတာ ကိုယ့်ရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းအပေါ်
တစ်ဖက်ကို အပြစ်ဖို့နေတာများ ဖြစ်နေမလားဆိုတာ
ကျွန်တော့်အနေနဲ့ စဉ်းစားရပါပြီ

အဲဒီစကားက ဘာလဲဆိုတော့
"NLDအစိုးရလက်အောက်မှာ ပြည်ထဲရေးမရှိဘူး။ ပြည်ထဲရေးဟာ စစ်တပ်လက်အောက်မှာ သူတို့ကိုင်တွယ်လို့ မရဘူး"ဆိုတဲ့စကားပဲ ဖြစ်ပါတယ်

အခြေခံဥပဒေကို လေ့လာကြည့်ပါ
ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်ထဲရေးဝန်ကြီးကို အဆိုပြုရွေးချယ်ခွင့်သာ ရှိပြီး တိုက်ရိုက်အမိန့်ပေးလို့မရပါဘူး
ဘာနဲ့ဥပမာတူသလဲဆိုရင်
"ဒီကောင်လေးကို လိုရာခိုင်းပါ။ ခင်ဗျားတို့ လိုအပ်နေတဲ့နေရာအတွက် ဒီကောင်လေးကိုသုံးပါ"လို့ လူတစ်ဦးက တစ်ခြားလူတစ်ဦးစီ သူ့တပည့်သားမြေးကို အပ်နှံပေးတာနဲ့တူပါတယ်
အဲဒီလို အပ်နှံလိုက်တဲ့အခါ ထိုလူကိုခိုင်းဖို့ရာ မိမိလိုသလို ညွှန်ကြားဖို့ဆိုတာ လက်ခံသူမှာသာ တာဝန်ရှိတယ်လို့ မြင်ပါတယ်
ဒီလိုပါပဲ
ကာကွယ်ရေးဦးစီးချုပ်ရွေးချယ်အဆိုပြုတဲ့ ပြည်ထဲရေးဝန်ကြီးကို
မိမိလိုအပ်သလို စီစဉ်ညွှန်ကြား စေခိုင်းဖို့ဆိုတာ သမ္မတလက်ထဲမှာ အာဏာအပြည့်အဝ ရှိပါတယ်
သမ္မတအနေနဲ့  မိမိပေးအပ်တဲ့တာဝန်ကို ပြည်ထဲရေးဝန်ကြီးက ပူးပေါင်းဆောင်ရွက်မှုမရှိဘူး တာဝန်ကြေပွန်အောင် မဆောင်ရွက်ဘူးဆိုရင် ဖြုတ်ချပိုင်ခွင့်လည်း ရှိနေပြန်ပါတယ်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၅) ပုဒ်မခွဲ(၁)နှင့် ပြည်ထောင်စုအစိုးရဥပဒေ ပုဒ်မ(၆၉) ပုဒ်မခွဲ(က)တို့အရ ဖြုတ်ချနိုင်ပါတယ်

ဒုဝန်ကြီးဒေါက်တာထွန်းဝင်းကို ဒီပုဒ်မတွေနဲ့ တာဝန်ကနေရပ်စဲလိုက်တာပါ။

ဒေါက်တာထွန်းဝင်းလို အပြစ်ထင်ရှားမဖော်ပြနိုင်တဲ့ဝန်ကြီးတစ်ပါး
သူ့အလုပ်သူ အကောင်းဆုံးလုပ်ဆောင်နေတဲ့ပညာရှင်တစ်ဦးကိုတောင်
ဖြုတ်ချနိုင်တဲ့ဥပဒေဟာ
(သူတို့ပြောသလို)
ပြည်ထဲရေးဝန်ကြီးသာ လက်ရှိအစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် ဘာကြောင့်တာဝန်က ရပ်စဲလို့မရနိုင်ရသလဲ
စဉ်းစားစရာ ဖြစ်လာပါတယ်

ပြည်ထဲရေးကို လက်ရှိအစိုးရနဲ့ဝန်ကြီးချုပ်တွေ ကိုင်တွယ်လို့မရဘူးဆိုတဲ့ NLDလွှတ်တော်ကိုယ်စားလှယ်တစ်ချို့ရဲ့
ဝါဒဖြန့်မှု မှားယွင်းကြောင်းကိုလည်း ဦးဖြိုးမင်းသိန်းနဲ့အလဲဗင်းပြဿနာက အထင်အရှားသက်သေပြသွားပါတယ်

ဒါနဲ့တင် မကြေနပ်သေးရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာလေ့လာပါ
ပြည်ထဲရေးဟာ သမ္မတနဲ့ဝန်ကြီးချုပ်တွေရဲ့အမိန့်ကို မနာခံပဲ
ကာချုပ်ရဲ့အမိန့်ကိုသာ နာခံရမယ်ဆိုတာ မပါသလို
ပြည်ထဲရေးကို သမ္မတနဲ့ဝန်ကြီးချုပ်တွေက အမိန့်ပေး စီမံခန့်ခွဲခြင်းမပြုရဆိုတာလည်း မပါပါဘူး ခင်ဗျာ

ဒါ့ကြောင့် လက်ရှိဖြစ်ပေါ်နေသမျှ
တရားဥပဒေမစိုးမိုးမှုများ မင်းမဲ့စရိုက်များ
ဒုစရိုက်မှု လူသတ်မှု မုဒိမ်းမှုများ ထူထပ်လာရခြင်းတွေဟာ
လက်ရှိအစိုးရရဲ့စီမံခန့်ခွဲမှု အားနဲချက်များသာဖြစ်ပြီး
လက်ရှိအစိုးရမှာသာ တာဝန်အပြည့်ရှိတယ်လို့
ယူဆရမှာပါပဲ...

ခက်တော့ခက်တယ်
လက်ရှိအစိုးရကို အပြုသဘောပဲဝေဖန် ဝေဖန်
အနုပညာအရပဲ သရော်သရော်
ဝေဖန်သရော်ရတာ အရမ်းအန္တရာယ်များပါတယ်
ဘာနဲ့တူသလဲဆိုတော့
ကုန်းအတက်မှာပျက်နေတဲ့လမ်းကြိတ်စက်ကို
နောက်ကနေတွန်းနေရသလိုပါပဲ
အခန့်မသင့်ရင် သူမရွေ့ပဲ ကိုယ်တက်ကြိတ် ခံရနိုင်တယ်

ကျွန်တော့်ရဲ့အထက်ပါ ယူဆချက်တွေမှားတယ်လို့ဆိုလာရင်တော့ ကျွန်တော့်မှာ မေးစရာ ရှိလာပြန်ပါတယ်
အဲဒါကတော့...

လက်ရှိကျွန်တော်တို့တိုင်းပြည်ကို ဘယ်သူ စီမံခန့်ခွဲအုပ်ချုပ်နေသလဲ
ဒေါ်အောင်ဆန်းစုကြည်လား
သမ္မတကြီးဦးထင်ကျော်လား
ကာကွယ်ရေးဦးစီးချုပ်လား
ဒါမှမဟုတ်
ဦးဝင်းထိန်လား

ဒီငါးနှစ်အတွင်း ဖြစ်ပေါ်လာမဲ့အကျိုးရလာဒ်အားလုံးကို
ဘယ်သူတာဝန်ယူမလဲဆိုတာ
ကျွန်တော် အရမ်းသိချင်မိပါတယ်...

ဇော်သစ်

Credit:Zaw Thit်
မူရင်းလင့်