နောက်ဆုံး တင်သမျှ

Wednesday, 3 August 2016

ဟောဒီဘက်က ယူကြဦးမလား...လူ့အခွင့်အရေး


Writer ..​မောင်​ချို​ဝေ
=============================
လူ့အခွင့်အရေးဆိုသည်မှာ ကမ္ဘာလူသားများ အတွက် အလွန်လိုအပ်သဖြင့် ပေါ်ပေါက်လာသည်။ တစ်ချိန်က ကမ္ဘာတွင် စက်ဆုတ်ရွံရှာဖွယ်၊ ထိတ်လန့်ကြောက်ရွံ့ဖွယ် လူမဆန်သောနှိပ်စက် ညှဉ်းပန်း သတ်ဖြတ်မှုကြီးများ ဖြစ်ခဲ့သည်။ ထိုအနိ ဋ္ဌာရုံများသည် လူသားတို့ကမ္ဘာတွင် မဖြစ်သင့် မဖြစ်အပ်သောအရာများအဖြစ် ကမ္ဘာသူ ကမ္ဘာ သားများကို ကာကွယ်ရန်အလို့ငှာ လူသားတိုင်း မတရားနှိပ်စက်မခံရရေး၊ မတရားညှဉ်းပန်းသတ် ဖြတ်မှုမခံရရေး ကိုယ်စီအခွင့်အရေးရှိသည်ဟု လူ့အခွင့်အရေးဆိုသည့်စကားကိုအသုံးပြုလျက် တားဆီးခဲ့ကြခြင်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကာလက နာဇီ ဂျာမနီများ သည် သန်းနှင့်ချီသော ဂျူးလူမျိုးများကို စစ်သုံ့ ပန်းများအဖြစ် ဖမ်းဆီးကာ မတော်မတရားပြုခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အစုလိုက်အပြုံ လိုက်သတ်ဖြတ်ပစ်ခြင်းစသည့် ကမ္ဘာကျော် မျိုးသုဉ်းလူသတ်ပွဲကြီး ကျူးလွန်ခြင်းပြုခဲ့သည်။ အလားတူဖက်ဆစ်ဂျပန်တို့ကလည်း တရုတ်ပြည် ၌ မာကိုပိုလိုတံတားတိုက်ပွဲနှင့် နန့်ကင်းအရေးအခင်းတို့တွင် ဒေသခံတရုတ်ပြည်သူများအား အစုလိုက် အပြုံလိုက်ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။ မြန်မာအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း ဖက်ဆစ်တို့ လူမဆန်စွာပြုမူခဲ့ကြသည့် သမိုင်းဖြစ်ရပ်များစွာရှိသည်။ ယုတ်စွအဆုံး ဒေသခံမိန်းမပျိုလေးများကို ပျော်တော် ဆက်များ အဖြစ်အဓမ္မပြုမူခဲ့ကြသည်။
ဤကဲ့သို့ လူ့တန်ဖိုးများပျက်သုဉ်းရခြင်း၊ လူမဆန်စွာသတ်ဖြတ်ခံရခြင်းဖြစ်စဉ်များအပေါ် ကမ္ဘာ့နိုင်ငံအားလုံးက ထိတ်လန့်တုန်လှုပ်ခြင်းနှင့် အတူ စက်ဆုတ်ရွံရှာခဲ့ကြသည်။ နောက်တစ်ကြိမ် ထိုအရေးအခင်းမျိုးများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြီးခဲ့ကြသည်။ သို့အတွက် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးပြန်လည်ဖွဲ့စည်းသည့်အခါ အဆိုပါ အကြောင်းတရားများကိုအခြေခံ၍ ကုလသမဂ္ဂ ပဋိညာဉ်တွင် 'လူ့အခွင့်အရေး'ကို အဓိကအချက် တစ်ရပ်အဖြစ်ထည့်သွင်းရေးဆွဲခဲ့ကြခြင်းဖြစ်သည်။
လူ့အခွင့်အရေး၏ ဇာစ်မြစ်သည် ဤသို့လျှင် ဒုတိယကမ္ဘာစစ်ဖြစ်ရပ်များကိုအခြေခံခဲ့ပါ၏။ ဒုတိယ ကမ္ဘာစစ်ပြီးသောအခါ ကွန်မြူနစ် အရှေ့ အုပ်စုနှင့် အရင်းရှင်အနောက်အုပ်စုဟူ၍ မဟာ အင်အားကြီးအုပ်စု နှစ်စုပေါ်ပေါက်လာကာ ဝါဒရေးရာတိုက်ပွဲများဖြစ်ပွားခဲ့ပြန်သည်။ စစ်အေး တိုက်ပွဲဟု တွင်သည်။ ထိုစစ်အေးတိုက်ပွဲသည် တတိယကမ္ဘာစစ်ဖြစ်လုနီးပါးပြင်းထန်ခဲ့သည်။ တတိယကမ္ဘာ့နိုင်ငံများသည် ထိုအုပ်စုနှစ်စု၏ မြေစာပင်များဖြစ်ကြရသည်။ ထိုသို့ ဝါဒရေး ပြိုင်ပွဲတွင်သာမက စီးပွားရေးလက်ဝါးကြီးအုပ် ယှဉ်ပြိုင်မှုတွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေး များမှာ အဓိကပစ်မှတ်များဖြစ်ခဲ့ရသည်။
ကွန်မြူနစ်စနစ်နှင့် ဆိုရှယ်လစ်စနစ်များသည် ကိုလိုနီဘဝမှလွတ်မြောက်ရေး၊ ငတ်မွတ်ခေါင်း ပါးမှုနှင့် ပြာပုံဘဝများမှ ပြန်လည်ထူထောင် ရေးများတွင် ကောင်းမွန်သောစနစ်များဖြစ်ကြ သော်လည်း
ဗဟိုဦးစီးစနစ်၏တင်းကျပ်သော အုပ်ချုပ်မှုကြောင့် တိုးတက်မှုနှေးကွေးခဲ့သည်။ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ဖြစ်သော စား၊ ဝတ်၊ နေရေးကို ဖြည့်ဆည်းရာ၌ အချိန် ကာလကြာမြင့်သည်နှင့်အမျှ အားနည်းလာသည်။သို့အတွက် အနောက်အုပ်စု၏အသံဖြစ်သည့် ဒီမို ကရေစီရေး၊လူ့အခွင့်အရေးဆိုသည့် ဝါဒဖြန့်စကား တို့မှာ ကွန်မြူနစ်နိုင်ငံများမှပြည်သူများအကြား ရေပန်းစားခဲ့သည်။စစ်အေးကာလအားပြိုင်မှုတွင် လူ့အခွင့်အရေးဟူသည့်စကားရပ်သည် အနောက် အုပ်စု၏အင်အားကြီး လက်နက်ဖြစ်ခဲ့သည်။
စစ်အေးတိုက်ပွဲတွင်နှစ်ပေါင်း၎ဝကြာ မဟာ အင်အားကြီးနိုင်ငံအဖြစ် ကွန်မြူနစ်စနစ်၏ ဖခင် နိုင်ငံတော်ကြီး ဖြစ်ခဲ့သော ဆိုဗီယက်ယူနီယံကြီး အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားသည်။ တစ်နည်း ဆိုသော် စစ်အေးတိုက်ပွဲတွင် အနောက်အုပ်စု၏ ဝါဒဖြန့်ထိုးနှက်မှုသည် ဆိုရှယ်လစ်နှင့်ကွန်မြူနစ် အုပ်စုကိုအပြတ်အသတ် အနိုင်ရသွားခြင်းဖြစ်သည်။
စစ်အေးတိုက်ပွဲအတွင်း နည်းလမ်းကောင်းရ သွားသောအနောက်အုပ်စုသည် ဖွံ့ဖြိုးဆဲ တတိယ ကမ္ဘာ့နိုင်ငံလေး များကို ၄င်းနည်းဖြင့် သြဇာထူ ထောင်ရန်လုပ်ကိုင်တော့သည်။ လူ့အခွင့်အရေး ဟူသည်ကို ရှေ့နောက်မညီသော အကြောင်း ပြချက်များဖြင့် တည်ငြိမ်အေးချမ်းနေသော နိုင်ငံ ငယ်လေးများအပေါ် မလျော်သြဇာသုံးစွဲကြ သည်။ ထိုနိုင်ငံငယ်လေးများ၏အချုပ်အခြာကို ထိပါးမှုပြုသည်။ နိုင်ငံတစ်နိုင်ငံရှိ တည်ဆဲဥပဒေ၊ ရှိရင်းဆဲ ဥပဒေများ၊ တရားစီရင်မှုများ၊ စီမံခန့် ခွဲမှုကိစ္စများကိုပင် လူ့အခွင့်အရေးအကြောင်း ပြလျက် စွက်ဖက်ခြယ်လှယ်ခဲ့ကြသည်။ ကိုယ်ခံ စွမ်းအားနည်းပါးသော နိုင်ငံငယ်များပြိုကွဲပျက်စီး ကုန်၏။ ၄င်းတို့ပယောဂကြောင့်တစ်နိုင်ငံတည်း၌ ချစ်ချစ်ခင်ခင်အတူတကွနေထိုင်ခဲ့ကြသော မျိုး နွယ်စုနိုင်ငံသားများ အချင်းချင်းပင် သဲကြီးမဲကြီး တိုက်ခိုက်သတ်ဖြတ်ကြသည်အထိဖြစ်ကြသည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် နယ်ချဲ့တို့ လက်မှလွတ်၍ လွတ်လပ်ရေးရသည်မှစ လက်ဝဲ၊ လက်ယာ မယိမ်းသော နိုင်ငံရေးမူဝါဒကျင့်သုံးခဲ့ သည်။ စစ်အေးတိုက်ပွဲတွင်လည်းကောင်း၊ စစ် အုပ်စုများတွင်လည်း ကောင်းမပါဝင်ခဲ့။ မိမိတို့၏ လွတ်လပ်၍တက်ကြွသော နိုင်ငံရေးမူဝါဒအပေါ် ခိုင်မြဲစွာရပ်တည်ခဲ့သည်။ မြန်မာအစိုးရအဆက် ဆက်သည် လွတ်လပ်စွာဆင်ခြင်၊ လွတ်လပ်စွာ ဆုံးဖြတ်လျက် တရားနည်းလမ်း အကျဆုံးဘက်မှ အရောင်အသွေးမရှိ တက်ကြွစွာရပ်တည်နိုင်ခဲ့ သည်။ အင်ဒိုနီးရှားနိုင်ငံဘန်ဒေါင်းမြို့၌ ဘက် မလိုက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းစဉ်တွင် မြန်မာနိုင်ငံ သည်ရှေ့တန်းမှ ဦးဆောင်ခဲ့သောနိုင်ငံဖြစ်ခဲ့သည်။ စတင်ဖွဲ့စည်းသည့် ငါးနိုင်ငံမှာ မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ယူဂို ဆလပ်နိုင်ငံ တို့ဖြစ် သည်။ မြန်မာတွင် ရန်သူနိုင်ငံ မရှိ။
သို့တိုင် လူ့အခွင့်အရေးဗန်းပြသြဇာထူထောင် လိုသော အနောက်ဘက်လှိုင်း၏ရိုက်ပုတ်ခြင်းကို မြန်မာသည်လည်း ခံရသည်ပင်။ မြန်မာနိုင်ငံကို လည်း ပြိုကွဲသွားသော အရှေ့ဥရောပနိုင်ငံများ နည်းတူ ၄င်းတို့တပည့် နိုင်ငံစာရင်းသွင်းရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းခဲ့ကြသည်။ ချော့ခြင်း၊ ခြောက်ခြင်း၊ သူလျှိုမွေးခြင်း၊
အိမ်ကြက်ချင်း အိုးမဲသုတ်ခြင်း၊ ဒေါ်လာဖြင့်ဆွဲဆောင်ခြင်းတို့ကို နှစ်ပရိစ္ဆေဒရှည်လျားစွာ စိတ်ရှည်ရှည်လုပ်ကြ သည်။
သည်လိုနှင့် ၂ဝရာစုနှောင်းပိုင်းတွင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်သည် အကျဘက်သို့ရောက် လာသည်။ ထိုအခါ အနောက်၏ခြေလှမ်းများ လည်းစိပ်လာသည်။ မိမိပြည်တွင်းရေးကို မိမိ နည်းဖြင့် ဖြေရှင်းရန်ထက် အနောက် အုပ်စု တပည့်ခံချင်သည့် မြန်မာများပေါ်လာသည်။ အနောက်ကတင်ပို့သော လူ့အခွင့်အရေးနှုန်းစံ ဆိုသည်မှာ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်သဖြင့် တရားဥပဒေကျင့် ထုံးများနှင့်အညီ ထိုက်သင့်သည့်တရားစီရင်ခြင်း ခံရသူများကို လူ့အခွင့်အရေးနှင့်မညီဟု လွှတ်ပေး ရန်တောင်းဆိုသည့် လူ့အခွင့်အရေးမျိုးဖြစ်သည်။ မြန်မာတို့ ဘာသာအယူဝါဒထုံးတမ်းအစဉ်အလာ အရဘုရားကျောင်းကန်များတွင် စနေဝတ်အသင်း၊ တနင်္ဂနွေဝတ်အသင်းစသည်တို့ ဘုရားရင်ပြင် စုပေါင်းတံမြက်စည်းလှည်း ကုသိုလ်ယူကြ သည်ကို လူ့အခွင့်အရေးနှင့်မညီ Force labour ဟု စွပ်စွဲသောလူ့အခွင့်အရေးမျိုးဖြစ်သည်။ မြန်မာ နိုင်ငံတွင်းမှ မည်သည့်နည်းနှင့် အာဏာရရ ရလျှင်ပြီးရော နိုင်ငံရေးသမားများက လူ့အခွင့် အရေးဝေလေလေဝိုင်း လုပ်ကြသည်။ နောက်ပိုင်းတွင် လူ့အခွင့်အရေးဆိုသည်ကို အစိုးရဖြုတ်ချရေး လက်နက်အဖြစ် တွင်တွင်ကျယ်ကျယ်အသုံးချကြတော့သည်။
အခုတော့ ကုလသမဂ္ဂလူ့အခွင့်အရေးအတွက် ကာကွယ်ရန် ဦးဆောင်ရေးဆွဲခဲ့သည့် အနောက် နိုင်ငံအများအပြားသည် ကိုယ်ဖော်သည့်ဆေး ကိုယ်မစားနိုင်ဖြစ်လျက်ရှိကြပြီ။ လူ့အခွင့်အရေးကို ဘယ်လောက်လေးစားသည်ဟု တစ်နိုင်ငံနှင့် တစ်နိုင်ငံကြေးတန်းညှိလျက် ရေမျောကမ်းတင် လူစိမ်းများကို ဂုဏ်ယူစွာလက်ခံကြရာမှ ထိုလူစိမ်းများထဲတွင်ပါဝင်လာသည့် အကြမ်းဖက် သမားတို့၏ ရက်စက်ယုတ်မာစွာ အကြမ်းဖက်မှု များကိုခံကြရကာ အေးချမ်းစွာနေထိုင်သော ဒေသခံပြည်သူများ အစုလိုက်အပြုံလိုက်သေကျေ ပျက်စီးကြရသည့် သမိုင်းစံချိန်တင်ဖြစ်စဉ်များ စဉ်ဆက်မပြတ်ဖြစ်လျက်ရှိပြီ။ ထိုလူစိမ်းများမှ တစ်ဆင့် ဘာသာရေးအစွန်းရောက်များနှင့်ဒေသခံ အချို့ပေါင်းမိသွားကာ အစွန်းရောက်တို့ ညွှန် ကြားသည့်အတိုင်း အကြမ်းဖက်ကြသည်လည်း ရှိသည်။
အကြမ်းဖက်သမားတို့က လူစည်ကားရာ အရပ်များတွင်ဗုံးခွဲသတ်ဖြတ်သည်။စိတ်ရူးပေါက် တိုင်း မည်းမည်းမြင်ရာသေနတ်နှင့်ပစ်သတ် သဖြင့်ရာနှင့်ချီသော ဒေသခံများသေကျေပျက်စီး ရသည်။ လူတောထဲ ဓားနှင့်ဝင်ခုတ်သည်။ ပေါက်ဆိန်နှင့်ဝင်ပေါက်သည်။ မကြာခင်ကဆို လျှင် ကုန်ကားကြီးတစ်စီးနှင့် ပွဲတော်ကျင်းပ နေသော လူအုပ်ကြီးအတွင်း တစ်မိုင်မျှတိုးတိုက် အကြမ်းဖက်ရာ လူ ၈ဝ ကျော်သေဆုံးပြီး ၂ဝဝ ကျော်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ကြီးဖြစ်ခဲ့သည်။ ယခုအခါ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံ ကြီးများမှာ အကြမ်းဖက်သမားတို့၏ ပစ်မှတ် နိုင်ငံကြီးများဖြစ်နေပြီး အနိမ့်ဆုံးလူ့အခွင့်အရေး စံဖြစ်သည့် မိမိနိုင်ငံသူနိုင်ငံသားတို့၏ အသက် အိုးအိမ်စည်းစိမ်ကို မကာကွယ်နိုင်ဖြစ်ကြရပြီ။ ထိုနိုင်ငံကြီးများမှာ ကမ္ဘာတွင်နည်းပညာအမြင့်ဆုံး၊ ဒီမိုကရေစီအထွန်းကားဆုံးနိုင်ငံကြီးများဖြစ် သည်။ သူတို့အတွက် လူ့အခွင့်အရေးဟူသည့် အကြောင်းတရားက ကောင်းကောင်းသင်ခန်းစာ ပေးလျက်ရှိပြီ။
မောင်ချိုဝေတို့မြန်မာနိုင်ငံတွင်လည်း ၂ဝ၁၅ မှစတင်ကာ အနောက်ဘက်မှ လူ့အခွင့်အရေးတင် ပို့မှုတွင် ကျယ်လာသည်။ လစ်ဘရယ်စံချင်လွန်း သော မြန်မာအစိုးရသည် လူ့အခွင့်အရေးနှုန်းစံ နှင့်မညီသည်ဟု အယူရှိသည့်ဥပဒေများကိုဖျက် သိမ်းလျက်ရှိရာ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင် သည်အထိဖြစ်လာသည်။ မြို့ကြီးများ ပေါ်တွင် မျက်နှာစိမ်းများ အရောရောအထွေးထွေးဖြစ်လာသည်။ နေ့စဉ်လိုခိုးဝင်သူများ ဖမ်းမိနေသည်။ ဟိုနိုင်ငံကြီးများကဲ့သို့ အစုလိုက် အပြုံလိုက်အကြမ်း ဖက်မခံရသေးသည်က ကံကောင်းသည်ဟု ဆိုရမည်။ အကယ်၍ ကံမကောင်းအကြောင်း မလှသောရက်တစ်ရက်တွင် လူစည်ကားရာ မြို့ကြီး တစ်မြို့၌ အစုလိုက်အပြုံလိုက် အကြမ်းဖက် အသတ်ဖြတ်ခံရမှုဖြစ်ခဲ့လျှင်... လူ့အခွင့်အရေး သည်တရားခံကြီးကြီးဖြစ်ပေတော့မည်။
အခုတော့ အစိုးရသစ်က လူ့အခွင့်အရေးကို ဗန်းတင်ရောင်းကောင်းဆဲဖြစ်သည်။
''ဟောဒီဘက်က ယူကြဦးမလား...လူ့အခွင့် အရေး''

Ref;uniondaily