လက်ထဲက ငြိမ်းချမ်းရေးငှက်
======================================
အင်္ဂလိပ်စကားပုံတစ်ခု၌ လက်ထဲကငှက်ကို ဂရုပြုပါ။ ကောင်းကင်ပျံနေတဲ့ ငှက်တွေကို မော့ကြည့်မနေပါနဲ့ ဟု ဆိုထားသည်။ ချုံပုတ်ထဲကငှက်ထက် လက်ထဲမိထားတဲ့ငှက်က အရေးကြီးတယ် ဟုလည်း ဆိုပြန်သည်။ လက်တွေ့ ဂရုဓမ္မရှိကြဖို့ သတိပေးထားသောစကားပုံများဟု ယူဆပါသည်။
အခွင့်အလမ်းဟူသည် နှစ်ကြိမ်မရ။ မငြိမ်းချမ်းခြင်းကြောင့် ဆုံးရှုံးခဲ့ရမှုတွေ ဆက်မဖြစ်အောင် ၂၁ ရာစုပင်လုံမှာ ကြိုးပမ်းကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က တိုက်တွန်းကြောင်း မီဒီယာမှာ ဖတ်ရသည်။
သြဂုတ် ၂၄ ရက် နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွေ့ဆုံ အစည်းအဝေးတွင် ပြောကြားသောစကားဖြစ်သည်။ ၄င်းက ဆက်လက်ပြောကြားရာမှာ တွေ့ဆုံခြင်းဆိုတာ သဘောထားညှိဖို့၊ နားလည်မှုရှိဖို့၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ယုံကြည်နိုင်ဖို့ဖြစ်ကြောင်း၊ ယုံကြည်မှု ရှိသွားပြီဆိုလျှင် အခြားပြဿနာတွေအားလုံးရှင်းလို့ရကြောင်း၊ တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုမရှိဘူးဆိုလျှင် စာချုပ်တွေဘယ်လိုပဲ လက်မှတ်ထိုးထား ထိုးထား အဟောသိကံဖြစ်သွားကြောင်း ထောက်ပြသွားသည်။
ဤနေရာ၌ ကျွန်ုပ်တို့သတိပြုမိသည်မှာ ဟိုတယ်ဧရာမကြီးတွေမှာ၊ နိုင်ငံခြား မှာ သုံးလေးကြိမ် ဝက်ဝက်ကွဲမင်္ဂလာပွဲကြီးများ ဝှဲချီးကျင်းပ၊ စာချုပ်များ လက်မှတ်ထိုးကြ ထိမ်းမြန်းကြသော်ငြား စလယ်ဝင် မမည်းခင် ကွဲချင်ကွာချင် (ကွဲသွားကြ)သော အိမ်ထောင်ရေးပကာသနများကို တရားသဘောနှင့် ဆင်ခြင် ကြည့်ကြဖို့ကောင်းပါသည်။
၁၉၄၂ ဒုတိယကမ္ဘာစစ်ကြီးအစ ဟစ်တလာ့ဝါဒ၊ ဟစ်တလာ့လုပ်ရပ်၊ စာချုပ်စာတမ်းများ ဆုတ်ဖြဲပြီး မစေ့စပ်စတမ်းပွဲကြမ်းသွားကြတာလည်း မမေ့ကြဖို့လိုပါမည်။ ပုလဲဆိပ်ကမ်းကို မကြေညာဘဲ ဗုံးကြဲပြီး မီးလောင်တိုက် သွင်းလိုက်သော ဖက်ဆစ်ဂျပန်တို့ လုပ်နည်းလုပ်ဟန်ကိုလည်း မမေ့ကြဖို့ လိုပါမည်။
၁၉၄၈ မှစခဲ့သော ကျွန်ုပ်တို့ မြန်မာပြည်ပြည်တွင်းစစ်သည်လည်း ဖဆပလ ပထစဦးနုအစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးမှုများ၊ တပ်မတော်အစိုးရ လက်ထက် ထဲထဲဝင်ဝင် ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များမှာလည်း တဖြည်း ဖြည်းနှင့် အဆင်ပြေရာမှ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာကြတာ တွေ့ရပြန်ပါ သည်။
ငြိမ်းချမ်းရေးကို အခြေခံသောစဉ်းစားနည်း၊ ဒီမိုကရေစီစိတ်ဓာတ်များ မရင့်ကျက်ခြင်း၊ ဒီမိုကရေစီ (နှစ်ပေါင်းများစွာ) အဆက်ပြတ်ကျန်ခဲ့ခြင်းတို့မှာ အကြောင်းခံပါမည်။ မရင့်ကျက်သော ဒီမိုကရေစီတွင် စေ့စပ်ညှိနှိုင်းရေးဓလေ့ မထွန်းကားချေ။ ဤတွင် ကွဲကွဲကွဲကွဲ သံသရာထဲမှာ နိုင်ငံရေးပါတီတွေကလည်း ၉ဝ မှ ၂ဝဝ ကျော်ပေါ်လာရသည်။ လက်နက်ကိုင်အဖွဲ့တွေလည်း များပြား လှသည်။ နိုင်ငံခြား အဝေးအနီး အခါတော်ပေးကြီးတွေလည်း များလှသည်။
ငြိမ်းချမ်းရေးတပ်ပေါင်းစုနှင့် သွားကြရန်ကိုလည်း ယခုအာဏာရအစိုးရ မတိုင်မီအကြိုကာလမှာပင် ခြေလှမ်းများက လိုလိုလားလားတက်တက်ကြွကြွ မတွေ့ရ။ ၄င်းတို့နှင့် မဟာမိတ်ဖြစ်လိုလျှင် လျှောက်လွှာတင်တဲ့။ ဟုတ်ကဲ့။ မည်သူက တင်မည်နည်း။
ငြိမ်းချမ်းရေး(ယနေ့) မအောင်မြင်ပါက နောင်မည်မျှအထိ ထပ်စောင့်ရမည် နည်း။ နိုင်ငံမည်မျှထိခိုက်သွားမည်နည်း။ ငြိမ်းချမ်းရေးကို သူ့ဘက်ကရော ဘာကြောင့်ငြိမ်းချမ်းရေးရအောင် မလုပ်သေးလဲ။ ကိုယ့်ဘက်ကရော ဘာကြောင့် များ ငြိမ်းချမ်းရေးရအောင် လုပ်မပေးနိုင်လဲ။ မေးခွန်းများပေါ်ထွက်လာပါသည်။ မျှတသောအဖြေ ရှိသင့်ပါသည်။
အခွင့်အလမ်းတစ်ခုသည် လူတစ်ယောက်ဘဝမှာတောင် နှစ်ကြိမ်ပြန်လာရိုး မရှိပါ။ မြစ်တစ်မြစ်ထဲ နှစ်ကြိမ်မဆင်းနိုင်ဆိုသော ဂရိဒဿနကဲ့သို့ပင်။ အခွင့်အလမ်းက လျင်မြန်စွာစီးဆင်းပျောက်ကွယ်သွားနိုင်ပါသည်။ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အရည်အချင်းများ၊ ချွေးများသွေးများ အလကားဖြစ်မသွားသင့်ပါ။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတင်ပြီဆိုပါက နိုင်ငံသူ နိုင်ငံသားများအတွက် ဆုံးရှုံးမှုများမဖြစ်ရန် ဆက်လက်ကြိုးစားကြပါကုန်ဟု နိုင်ငံရေး၊ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ တိုင်းပြည် ဖွံ့ဖြိုးရေး အလေးထားပါဝင်ဆောင်ရွက်နေသူများအားလုံးသို့ တိုက်တွန်းလိုက်ရ ပါကြောင်း မီးမောင်းထိုးအပ်ပါသည်။
http://uniondaily.net
