နောက်ဆုံး တင်သမျှ

Saturday, 6 August 2016

တူသည်၊ သို့သော် မတူ

'မိုင်ဂျာယန်မှ ၂၁ ရာစု ပင်လုံသို့''
The Voiceဂျာနယ်ပါဆောင်းပါး
ဆရာကျော်ဝင်း



၂၁ ရာစု ပင်လုံညီလာခံနှင့် "တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်" (NCA) အရ ကျင်းပသော ပုံမှန်နိုင်ငံရေး ဆွေးနွေးပွဲများမှာ "တူသည်"ဟုဆိုလျှင်လည်း ရသည်။ "မတူ"ဟုပြောလျှင်လည်း ရသည်။ နှစ်ခုလုံးမှာ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကြသည် ဖြစ်၍ ရည်မှန်းချက်ချင်း တူသည်ဟု ဆိုနိုင်သည်။ သို့တစေ မတူသည့် အချက်တွေလည်း ရှိသလောက် ရှိသည်။

အမှန်စင်စစ် ၂၁ ရာစုပင်လုံမှာ ၁၉၄၇ ခုနှစ်က ထွက်ပေါ်လာခဲ့သော ပင်လုံစာချုပ်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ ဖြစ်သည်။ ပြောရလျှင် "၄၇ ပင်လုံ"တွင် ယခုထက်တိုင် ပြီးပြည့်စုံမှု မရှိသေးသော လစ်ဟာချက် နှစ်ရပ်ရှိသည်။ ပထမအချက်မှာ ပင်လုံညီလာခံသို့ ဗမာနှင့် တောင်တန်းဒေသ(ထိုစဉ်ကအခေါ် - နယ်ခြားဒေသ)သားများသာ တက်ခွင့်ရသည်။ မွန်နှင့် ရခိုင်တို့ တက်ခွင့် မရ။ လက်တွေ့တွင် ကရင်နှင့် ကရင်နီ (ကယား)မှာလေ့လာသူ အနေနှင့်သာ တက်ခဲ့ကြပြီး ပင်လုံစာချုပ် လက်မှတ်ထိုးရာတွင် ရှမ်း၊ ကချင်၊ ချင်းနှင့် ဗမာသာ ပါခဲ့သည်။ ယခုခေတ် စကားနှင့် ဆိုရလျှင် "all-inclusive" မဖြစ်ဟု ဆိုရပါလိမ့်မည်။ ဒုတိယ အချက်မှာ တောင်တန်းဒေသသားများ အနေနှင့် ဗမာနှင့်အတူ လွတ်လပ်ရေး ယူမည်ဟု ယေဘုယျ ဆုံးဖြတ်ခဲ့ကြသော်လည်း မည်သို့သော ပုံစံဖြင့် စုဖွဲ့ကြမည်ဆိုသည်ကို တိတိကျကျ မသတ်မှတ် နိုင်သေးခြင်းပင်ဖြစ်သည်။ ယခု ကျင်းပတော့မည့် ၂၁ ရာစု ပင်လုံတွင် ဆိုခဲ့ပါ လစ်ဟာချက် နှစ်ရပ်ကို ဖြည့်ဆည်း ပေးနိုင်လိမ့်မည်ဟု (အထူးသဖြင့်) တိုင်းရင်းသားများက မျှော်လင့်ထားကြဟန် ရှိသည်။

NCAစာချုပ်အရ ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် "နိုင်ငံရေးလမ်းပြမြေပုံ"တစ်ရပ် သဘောတူ ချမှတ်ပြီး ဖြစ်သည်။ ဤလမ်းပြ မြေပုံတွင် အဆင့် ခုနစ်ဆင့် ပါသည်။ NCA စာချုပ် လက်မှတ် ရေးထိုးပြီးသည်မှ (အဆင့် က)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပသည်အထိ (အဆင့် ဃ) အဆင့် လေးဆင့်ရှိသည်။ သို့နှင့်တိုင် အဆိုပါ အဆင့် (ဃ) မှာ တစ်ကြိမ်နှင့် ပြီးမည် မဟုတ်။ အကြိမ်ကြိမ် ကျင်းပဖို့ လိုလိမ့်မည်။ "နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်"အရ လေးလ တစ်ကြိမ် ကျင်းပဖို့ သတ်မှတ် ထားသည်။ ဤသို့ အကြိမ်ကြိမ် ဆွေးနွေးပြီး ဘုံသဘော တူညီချက်ရမှ"ပြည်ထောင်စု သဘောတူ စာချုပ် - ချုပ်ဆိုသည့် အဆင့်"ရောက်မည်။ (အဆင့် (ဇ))၊ ထို့နောက် အဆိုပါ သဘောတူ စာချုပ်ကို လွှတ်တော်သို့ တင်သွင်းပြီး အတည်ပြုချက် ရယူခြင်း (အဆင့် (စ))၊ နောက်ဆုံး၊ လက်တွေ့ အကောင်အထည် ဖော်ခြင်း (အဆင့် (ဆ))တို့ဖြစ်သည်။ ဤနည်းဖြင့် ပင်လုံ ကတိကဝတ်များကို ဖြည့်ဆည်းလိုသည့် သဘောရှိသည်။

ထို့ထက် ၁၉၄၇ ခုနှစ်နှင့် ယနေ့ ၂၀၁၆ ခုနှစ်တို့၏ နိုင်ငံရေး အခြေအနေမှာ မတူကြတော့သလို နိုင်ငံရေး အင်အားစု အသီးသီး၏ အနေအထားမှာလည်း တူကြတော့သည် မဟုတ်။ ထိုစဉ်က ဦးဆောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလမှာ ကန္ဒီစာချုပ်အရ အသစ် ထွက်ပေါ်လာသော "ဘားမားရိုင်ဖယ်"ကို တစ်စုံတစ်ရာ ချုပ်ကိုင်ထားနိုင်သည်။ ထိုစဉ်က တောင်တန်းဒေသသားများတွင်မူ မည်သည့် လက်နက်ကိုင် တပ်မှ ရှိသည် မဟုတ်။ ယနေ့ ၂၁ ရာစု ပင်လုံကို ဦးဆောင်မည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD အစိုးရတွင် ကိုယ်ပိုင် လက်နက်ကိုင် တပ် မရှိ။ သို့တစေ ယနေ့ လူမျိုးစုများတွင်မူ လက်နက်ကိုင် တပ်ဖွဲ့၊ အနည်းဆုံး ၁၆ ဖွဲ့မျှ ရှိနေသည်။ ပို၍ အရေးကြီးသည်မှာ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်၏ ဒဏ်ရာ ဒဏ်ချက်များနှင့် သံသယများကလည်း အစိုင်အခဲလိုက် ရှိနေဆဲ...။

သို့နှင့်တိုင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကမူ "၂၁ ရာစု ပင်လုံမှာ NCA စာချုပ်အရ ကျင်းပသော ပုံမှန် ဆွေးနွေးပွဲပါပဲ"ဟု ဆိုသည်။ သို့အတွက် "ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ" (၂၁ ရာစုပင်လုံ) ဟု နှစ်ခုလုံး ပါအောင် "ကွင်းစကွင်းပိတ်"ဖြင့် ခေါင်းစဉ် တပ်သည်။ ဤတွင် တိုင်းရင်းသားဘက်ကလည်း သူတို့ နားလည်ထားကြသည့်အတိုင်း ၂၁ ရာစု ပင်လုံအတွက် ပြင်ဆင်ကြတော့သည်။ တပ်မတော်၏ သဘောထားကိုကား တိတိကျကျ မသိရသေး။ သတိကြီးကြီးနှင့် စောင့်ကြည့်နေမှာတော့ သေချာသည်။

ညှိနှိုင်းကြရမည့် "မူကွဲများ"

NCA စာချုပ်ကို လက်မှတ် ရေးထိုးထားသည့် အဖွဲ့များရော၊ လက်မှတ် မထိုးရသေးသော အဖွဲ့များပါ စုံစုံညီညီ တက်ရောက်ကြသည့် လူမျိုးစု လက်နက်ကိုင်များ၏ ဆွေးနွေးပွဲကို "ကချင်လွတ်လပ်ရေးအဖွဲ့" (KIO) ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် ကျင်းပခဲ့ကြသည်။ တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီများဖြင့် စုဖွဲ့ထားသည့် "ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်" (UNA) မှ ကိုယ်စားလှယ်များ၊"ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း"(NBF) မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၂၁၆ ဦး တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ငါးရက်ကြာ ကျင်းပခဲ့သော ဆွေးနွေးပွဲ ကာလအတွင်း သဘောတူညီချက် တော်တော်များများ ရရှိခဲ့သည့်တိုင် ဆက်လက် ဆွေးနွေးစရာများလည်း ရှိသလောက် ရှိသေးသည်ဟု ဆိုသည်။

ရရှိခဲ့သော သဘော တူညီချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ အခြေခံ မူရှစ်ချက်ကို အားလုံး သဘောတူ သတ်မှတ်နိုင်ခဲ့သည်။ "အချုပ်အခြာ အာဏာသည် တိုင်းရင်းသား ပြည်သူများမှ ဆင်းသက်ရမည်"၊ "တန်းတူ ရေး"၊ "ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်"၊ "စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု"၊"တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေး"၊ "ဒီမိုကရေစီ အခွင့်အရေးနှင့် ကျား/မဆိုင်ရာ တန်းတူညီမျှမှု"၊ "ပါတီစုံ ဒီမိုကရေစီစနစ်"၊ "ဘာသာရေးကို အခြေခံသည့် နိုင်ငံ"ဆိုသော အချက် ရှစ်ချက်ဖြစ်သည်။

၂။ ၂၁ ရာစုပင်လုံတွင် ညှိနှိုင်းဆွေးနွေးကြမည့် အခြေခံအဖြစ်"ဖက်ဒရယ် ပြည်ထောင်စု သမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ"(ဒုတိယ မူကြမ်း)ကို အားလုံး သဘောတူ သတ်မှတ်နိုင်ခဲ့သည်။ အဆိုပါ အခြေခံ ဥပဒေမှာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကတည်းက လက်နက်ကိုင် အင်အားစုများ ချမှတ်ခဲ့သည့် ဥပဒေဖြစ်သည်။ လက်ရှိ ကျင့်သုံးနေသော ၂၀၀၈ အခြေခံ ဥပဒေနှင့် တော်တော်များများ ကွာသည်။ အရေးကြီးသည်ဟု ယူဆရသော ကွဲလွဲချက်များကို စုစည်း ဖော်ပြ လိုက်ပါသည်။

(က) ပုဒ်မ (၄၉) - ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များနှင့် ဖက်ဒရယ် ပြည်ထောင်စု နယ်မြေများ
- ပြည်နယ် ခုနစ်ခုမှာ ယခင်ကအတိုင်း၊
- မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်း - ဒေသကြီးတို့ကို စုစည်းပြီး ဗမာ အမျိုးသား ပြည်နယ်၊
- စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီးတို့ကို အမျိုးသားများ ပြည်နယ် - သုံးခု၊
- ရန်ကုန်တိုင်းဒေသကြီးနှင့် ရန်ကုန်ကို ဖက်ဒရယ် ပြည်ထောင်စု နယ်မြေနှင့် ဖက်ဒရယ် ပြည်ထောင်စုမြို့တော်၊

(ခ) ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ
- ပုဒ်မ (၁၁၀) - နိုင်ငံတော်ဦးသျှောင် ဖက်ဒရယ် ပြည်ထောင်စု သမ္မတ
- ပုဒ်မ (၁၁၂) - ရွေးချယ်ပုံစနစ် အမျိုးသားလွှတ်တော်မှ ရွေးချယ်ရမည်။
- ပုဒ်မ (၁၂၃) - ဝန်ကြီးချုပ်
- ဝန်ကြီးချုပ်သည် ဖက်ဒရယ် ပြည်ထောင်စု အစိုးရကို တာဝန်ခံရမည်။ ဝန်ကြီးချုပ်ကို ပြည်သူ့လွှတ်တော်မှ ရွေး၍ သမ္မတက ခန့်အပ်ရမည်။
- ပုဒ်မ (၁၂၁) - ဖွဲ့စည်းခြင်း၊
- ဝန်ကြီးအဖွဲ့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။

(ဂ) အာဏာခွဲဝေကျင့်သုံးပုံ
- ပုဒ်မ (၅၂) ကျန်ရှိနေသော အာဏာများ ကျင့်သုံးခွင့်၊ ဖက်ဒရယ် ပြည်ထောင်စု အစိုးရသို့ အပ်နှင်းထားသော အာဏာများနှင့် ပိတ်ပင် တားမြစ် ထားသော အာဏာများမှအပ၊ ကျန်ရှိနေသော အာဏာများကို ဖက်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသို့ အပ်နှင်းရမည်။

(ဃ) ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်
- ပုဒ်မ (၁၅၉)၊ ပုဒ်မခွဲ (ခ) ဖက်ဒရယ် ပြည်ထောင်စု သမ္မတသည် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်၏ စစ်သေနာပတိချုပ် ဖြစ်စေရမည်။
- ပုဒ်မ (၁၅၉)၊ ပုဒ်မခွဲ (င) ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးသည် အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ဖြစ်ရမည်။
- ပုဒ်မ (၁၆၁) အရပ်ဘက်အုပ်ချုပ်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်သည် မည်သည့် အချိန်အခါ မဆို အရပ်ဘက် အစိုးရ အုပ်ချုပ်ရေးအောက်တွင် ရှိစေရမည်။
- ပုဒ်မ (၁၆၆) ဖက်ဒရယ် ပြည်ထောင်စု ရဲတပ်ဖွဲ့၊ ပုဒ်မခွဲ (ခ) ဖက်ဒရယ် ပြည်ထောင်စု ရဲတပ်ဖွဲ့ကို အရပ်သား အစိုးရ အုပ်ချုပ်ရေးအောက်တွင် ထားရှိရမည်။

၃။ နိုင်ငံရေး ဆွေးနွေးမှုများတွင် အစိုးရ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီကို အခြေခံရန် အားလုံး သဘောတူ သတ်မှတ်နိုင်ခဲ့သည်။(ပြီးခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင်မူ အစုအဖွဲ့ ခုနစ်ဖွဲ့ဖြင့် ကျင်းပခဲ့သည်။)

ဤသို့ သဘောတူညီမှုများ ရခဲ့သည့်တိုင် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန်အတွက်မူ တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါ။ အစိုးရနှင့် ဆက်လက် ဆွေးနွေးရဦးမည်ဟု ဆိုသည်။ "ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ" (UNFC) ကမူ ၂၁ ရာစု ပင်လုံတွင် အားလုံး ပါဝင်နိုင်ဖို့ တောင်းဆိုထားသည်။ တပ်မတော်က တအာင်း ပလောင်၊ ကိုးကန့်နှင့် အေအေအဖွဲ့တို့ကို လက်နက်စွန့်မှ ဆွေးနွေးနိုင်မည်ဟု ကနဦးပိုင်းက ဆိုထားသည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကမူ အားလုံး ပါဝင်ခွင့်ရအောင် မနားမနေ ကြိုးပမ်းလျက် ရှိသည်။

ဤခရီးနီးသလား

ဆိုခဲ့ပါအတိုင်း မိုင်ဂျာယန်တွင် လူမျိုးစုအဖွဲ့များ အကြိတ်အနယ် ဆွေးနွေးလျက် ရှိစဉ်မှာပင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှာ မိုင်ဂျာယန်သို့ ဖိတ်ကြားခဲ့သော်လည်း မတက်ဖြစ်ခဲ့သည့် "ဝ"ပြည် သွေးစည်းညီညွတ်ရေး ပါတီ} (UWSA)နှင့် နေပြည်တော်တွင် ဆွေးနွေးလျက် ရှိသည်။  "ဝ"အဖွဲ့နှင့်အတူ "မိုင်းလား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) အဖွဲ့လည်းပါသည်။ သူတို့ နှစ်ဖွဲ့လုံးက ၂၁ ရာစု ပင်လုံကို ကြိုဆို ထောက်ခံကြသည်။ မိုင်းလားအဖွဲ့က တက်မည်ဟု ဆိုသော်လည်း "ဝ"အဖွဲ့ကမူ ပြန်လည် တိုင်ပင်ဦးမည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ လက်နက်ကိုင် အင်အားစုများထဲတွင် အင်အား အကြီးဆုံးဖြစ်သော "ဝ"အဖွဲ့ကို နေပြည်တော်အထိ စည်းရုံး ခေါ်ဆောင်နိုင်ခြင်းကိုက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံရေးသြဇာကို ဖော်ပြရာ ရောက်သည်ဟု ပြည်တွင်းပြည်ပ လေ့လာ စောင့်ကြည့်သူများက အကဲဖြတ် ကြသည်။ အချို့ကလည်း ဤကိစ္စတွင် တရုတ်ပြည်၏ အကူအညီ ပါကောင်းပါနိုင်သည်ဟု ခန့်မှန်းကြသည်။ အကယ်၍ ဤခန့်မှန်းချက်သာ မှန်လျှင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်မှ ဘာတွေ လိုက်လျောရမည် ဆိုသည်မှာ စဉ်းစားဖွယ်ရာ အပြည့် ဖြစ်နေသည်။ ဘယ်လိုပင်ရှိစေ အသက် ခုနစ်ဆယ်ကျော် အမျိုးသမီးကြီး တစ်ဦး၏ အသက်အရွယ်နှင့် မမျှသော ကြိုးပမ်း အားထုတ်မှုကိုကား အသိအမှတ် ပြုကြရပါလိမ့်မည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် သူမ မျှော်လင့်ထားသလို လက်နက်ကိုင် အင်အားစု အားလုံးကို ၂၁ ရာစု ပင်လုံညီလာခံသို့ အရောက် ခေါ်နိုင်ပါမည်လော။ ပွင့်ပွင့်လင်းလင်း အဖြေ ထုတ်ရလျှင် "မသေချာ"ပါ။ အကယ်၍ အင်အားစု အားလုံး ပါဝင်သည် ဆိုငြားအံ့။ အထင်အရှား ရှိနေသော သဘောထား ကွဲလွဲမှုများကို ညှိနှိုင်း အဖြေ ရှာနိုင်ပါမည်လော ...။ ပြောရလျှင် ဒါလည်း "မသေချာ"ပါ။ မသေချာ မရေရာမှုများကို သေချာ ရေရာအောင် ဖန်တီးကြိုးပမ်း ရခြင်းသည်ပင် နိုင်ငံရေး မဟုတ်ပါသလော ...။ အကယ်၍ "ဤခရီး နီးပါသလား"ဟု အမေးပုစ္ဆာ ထုတ်လျှင် ... "နီးလည်း နီးနိုင်သည်၊ ဝေးလည်း ဝေးနိုင်သည်"ဟု ဖြေရမည် ထင်သည်။ ပါဝင် ပတ်သက်သူများ၏ "ဆန္ဒ"က အနီးအဝေးကို အဆုံးအဖြတ် ပေးပါလိမ့်မည်။ ဘေးမှ ငေးကြည့်နေရသူ တစ်ယောက်မျှသာဖြစ်သော စာရေးသူအနေနှင့်မူ ၂၁ ရာစုပင်လုံကို ၂၂ ရာစု မရောက်ပါစေနှင့်ဟူ၍သာ ဆုတောင်းနေရတော့သည်။

မူရင်း ပိုစ်​ link