နောက်ဆုံး တင်သမျှ

Saturday, 6 August 2016

ဘယ်သူ့အပြစ်လဲ --------------------

ဘယ်သူ့အပြစ်လဲ
--------------------

နတ်ပြည်တွင်ဖြစ်သည်။ အချိန်ကား မိုးမလင်းတလင်း....

"ဒုန်း! ဒုန်း! ဒုန်း!"
"အာစရိ ရှိလားဗျို့! အောင်မလေး ကယ်ပါဦး အာစရိမာဃရေလို့!! တံခါးဖွင့်ပါဦး! ရှိလားဆို..!"

အပြင်က ဝုန်းဒိုင်းကြဲသံများကြောင့် သိကြားမင်း အိပ်မှုန်စုံမွှားနဲ့ တံခါးထဖွင့်သည်။

ပါးစပ်ကလည်း "ဝေလီဝေလင်းကြီး ဗိမ္ဗာန်တံခါး လာခေါက်တာ ဘယ်သူများပါလိမ့်" ရေရွတ်ရင်း တံခါး ဖွင့်လိုက်တော့ အပြင်မှာ တပည့်လုပ်တဲ့ မြစ်စောင့်နတ်သားလေးကို တငိုငို တရယ်ရယ်နဲ့ တွေ့လိုက် ရသည်။

"အောင်မလေး အာစရိရယ်! နှိုးလိုက်ရတာဗျာ! ကယ်ပါဦး အာစရိရယ်! ကျွန်တော့်အဖြစ်ကို ထကြည့်ပါဦး အာစရိရယ်လို့!"

"ဟ! တိုးတိုး လုပ်ပါကွ! တော်ကြာဘေးဗိမ္ဗာန်တွေကြားလို့ သိကြားမင်းသေတယ်မှတ်ပြီး ခရာတွေတီး ဘင်တွေ မှုတ်ကုန်မှ ဒုက္ခ!"

"ဟာ.. ခရာတွေမှုတ် ဘင်တွေတီး လုပ်ပါ အာစရိရဲ့"

"အံမယ်.. တို့ဆီမှာ အဲ့လိုလုပ်ကြတာဟ။ ဒီခေတ် စတိုင်လေ.. ဟဲဟဲ..။ ဒါနဲ့ ဆိုစမ်းပါဦး။ မင့် ရေးကြီးသုတ်ပြာနဲ့ လာတာ ဘာကိစ္စတုန်းကွ။"

"ဒီလို အာစရိရေ... လူတွေများ ကောင်းကို မကောင်းဘူးဗျာ။ မျိုးစဉ်ဘောင်ဆက် ကုန်းပေါ်မှာ နေလာတဲ့လူတွေ... ခု စတန့်ထွင်ပြီးတော့ ဘာလုပ်တယ် ထင်သလဲ သိလားအာစရိ။ ရေထဲဆင်းပြီး အိမ်ဆောက်ကြတယ်ဗျို့!"

"ဟေ.. အဟုတ်လား။ ဆန်းကြယ်လှချည်လားကွာ လူ့ဘောင်လောက..."

"အော်.. တကယ်ဆို အာစရိရယ်။ ခု ကျွန်တော့်မှာ ဘုံပျောက်နေရပြီ ဆရာရဲ့။ အဲ့ဒါ ကယ်ပါဦး တပည့်လေးကို.. အဟင့်..အဟင့်"

"မဟုတ်တာတွေမပြောနဲ့ ဟျောင့် မြစ်စောင့်!"

စုတ်တီးစုတ်ပြတ်နဲ့ ကားတာယာကွင်း ဖက်ပြီး ရောက်လာတဲ့ အိမ်စောင့်နတ် ကို ဗျစ်တောက် ဗျစ်တောက် အော်သံနဲ့ အတူတွေ့လိုက်ရတယ်။ မသိရင် အခုပဲ ချောင်းသာမှာ လှိုင်းစီးရင်း ကမန်း ကတန်း ကောက်ထွက်လာသလို ပုံနဲ့ အိမ်စောင့်နတ်က ပြောတယ်။

"အာစရိ... အဲ့ကောင် မြစ်စောင့် မတရား စွပ်စွဲနေတာဗျ သက်လား! ဘယ်.. ကျုပ်တို့ ကပဲ မြစ်ထဲ ဆင်း အိမ်ဆောက်ရတယ်လို့။ တကယ်က အဲ့ဒီ မြစ်စောင့်က ကျူးကျော်တာဗျ။ သူ့ပိုင်နက်တွေ ချဲ့တယ် လေ။ ရွာတွေ ရေမြုပ်တယ်လေ။ မယုံရင် ဒိဗ္ဗစက္ခုနဲ့သာ တိုက်ရိုက်ရှိုးလိုက် အာစရိ။ ဟိုမှာ အိမ်စောင့် နတ်အားလုံး ဘောကွင်းကိုယ်စီနဲ့ ရေထဲမျော နေတာသာ ကြည့်တော့။"

ဒီအခါ သိကြားမင်းက မြစ်စောင့်နတ်ကို လှမ်းကြည့်လို့ "ဟေ! မင်းက ကျူးကျော်တာဆို! ဟျောင့် မင်း မာဃ ဆိုတဲ့ ငါ့ အကြောင်း မသိသေး ဘူးထင်တယ်။ ဟုတ်လားကွ!"

"ဟာ.. မ.. မဟုတ်ဘူးနော် အာစရိ..။ ကျွန်တော်.. ကျွန်တော် ဘာမှ မလုပ်ရပါလားဗျာ။ မြစ်ရေတွေ ဘာလို့ ကျွန်တော် ဘာတစ်ခုမှ မလုပ် ပဲနဲ့ ကုန်းပေါ်ကို ရောက်ရတာတုန်း! အဓိပ္ပာယ်မှမရှိတာ အာစရိရယ်။"

"အမလေး..  မပြောချင်ဘူး။ ပြောကို မပြောချင်ဘူး..!" အသံနဲ့ အတူ ရောက်ချလာတာကတော့ ရေကူးဘောင်းဘီနဲ့ ရုက္ခစိုး။

ဘောင်းဘီဖင်ကျပ်နဲ့ ရုက္ခစိုးကို အားလုံး တအံ့တသြနဲ့ ကြည့်နေ မိတယ်။

"ခွိ" သိကြားမင်းဆီက အသံကြားလို့ အားလုံးလှည့်ကြည့်တော့ အမယ်... သူပဲ မရယ်လိုက်သလို ရုပ်တည်ကြီးနဲ့။

ရုက္ခစိုးက ဖင်ကိုကော့ ရင်ကိုမော့လို့ ဘာကိုမှ ဂရုမစိုက်နိုင်ပဲ သူပြောချင်ရာတွေ ပြောချသွားတယ်။

"အာစရိမာဃ! အာစရိပဲစဉ်းစားကြည့်!"

"အေးလေ.. ပြော။ ဘာစဉ်းစားပေးရမှာတုန်း"

"မြစ်ရေတွေ ကုန်းပေါ်တက်တာလေ အာစရိ။ ကျုပ်ရှင်းပြမယ်။"

သိကြားမင်းက နားထောင်နေတယ်။

"ဒီလိုဗျ။ မြစ်ရေတွေ တက်တာ မိုးရွာလို့။ မိုး အချိန်အခါ မဟုတ် ရွာလို့။ မိုးအချိန်အခါ မဟုတ် ရွာတယ် ဆိုတာ တခြားမှ မဟုတ်တာ။ မုန်တိုင်းတိုက်ပေါ့ဗျာ။"

သိကြားမင်းက တအံ့တသြ မေးတယ်။ "ဟာ.. မုန်တိုင်းက ဘာလို့ တိုက်တာတုန်း။"

ရုက္ခစိုးက မဲ့ရွဲ့ပြီး ပြန်ဖြေတယ်။ "မုန်တိုင်းလား။ အမလေး... တိုက်မှာပေါ့။ ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာတယ်လေ။ မြင့်လာတော့ မုန်တိုင်းတိုက်ပစ်ရတာ သဘာဝကိုး အာစရိရဲ့။"

သိကြားမင်း ဘဝင်မကျသေးဘူး။ ဆက်မေးတယ်။ "လာပြန်ပြီ။ ပင်လယ်ရေမျက်နှာပြင်ကရော ဘာ့ကြောင့် တက်တာတုန်းကွ။"

ရုက္ခစိုး က စိတ်မရှည်တော့ဘူး။ ဒီအာစရိ တော်တော်တုံးတာပဲဆိုတဲ့ ပုံနဲ့ ကြည့်လို့ "ဪ... စဉ်းစားလေ... အာစရိ! မြေအောက်ရေတွေ ပင်လယ်ထဲကို စီးကုန်တာကိုးဆို။"

အားလုံး တဖြည်းဖြည်း နဲ့ လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ ဇာတ်ရှိန် မြင့်လာပြီကိုး။ သိကြားမင်း က ဆက်မေးတယ်။

"ဒါဆို အရင်က မြေအောက်ရေက ဘယ်နား သွားပုန်း နေလို့တုန်း။"

ရုက္ခစိုး - "ဪ ငါ့အာစရိရယ်။ ဘယ်နားသွားပုန်းရမှာလဲ။ အရင်က သစ်ပင်တွေရဲ့ အမြစ်က ကုပ်ယူ ထိန်းသိမ်းထားပေးလို့ပေါ့ဗျ။"

သိကြားမင်း - "ဟင်... ခု အပင်တွေကရော???"

"ဪ... အပင်တွေတဲ့လား... ကတောက်စ်" နာကျည်းတဲ့အတိတ် တစ်ခုကိုပြန်တွေးမိပုံနဲ့ ရုက္ခစိုးဟာ ရေကူးဘောင်းဘီ လက်တစ်ဆစ် လေး ဝတ်လို့ မြစ်စောင့်နတ်ကို စိုက်ကြည့်ပြီး လေးလေးနက်နက် ပြောတယ်။

"သူ... သူ စွန်းရက်စက်တယ်ကွယ်။"
... ... ... ...
(အတိတ်သို့ Flashback)

အဲဒီနေ့က မိုးမရွာဘူး အာစရိ။ ကျုပ်နေထိုင်ရာ သစ်ပင်ဟာ မြစ်ကမ်းတစ်ခုအနားမှာ ကပ်လျက် ရှိတာပါ။

လူတစ်ယောက် ကျုပ်နေတဲ့ အပင်ကို ပုဆိန် တစ်လက်ကိုင်ပြီး လာ ခုတ် ပါ လေရောလားဗျာ။ အာ့နဲ့ပဲ ကျုပ်လည်း ဒေါသထွက်ထွက်နဲ့ သူ့လက် က ပုဆိန် ချော်ပြီး မြစ်ထဲကျအောင် တန်ခိုးနဲ့ လုပ်ပ လိုက် တယ်။

ကွက်တိပဲ အာစရိ။ ပလုံကနဲကို ကျသွားတာ။ ကျုပ်ဖြင့် အဲဒီပလုံသံ နဲ့အတူ အပူလုံးကြီးကို ကျသွားတာ။

ဒါပေမယ့်... အဲဒီအချိန် ဟော ခုငုတ်တုတ် ထိုင်နေတဲ့ မြစ်စောင့်နတ် မြစ်ထဲက ပေါ်လာတယ်လေ!

ပြီးတော့ ၂ ယောက်သား ဘာတွေတိုးတိုး တိုးတိုး ပြောတယ်မသိဘူး။ သူကလဲ ပုဆိန်တွေ တစ်လက်ပြီး တစ်လက် မြစ်ထဲက ဆွဲထုတ် ပြ တယ်။ ဟိုကလဲ ခေါင်းတခါခါ လည်တခါခါနဲ့ မယူဘူး အကြောက် အကန် ငြင်းတယ်။

နောက်ဆုံး သံပုဆိန် တစ်လက် ထုတ်ပြတော့မှ ဟိုလူက ခေါင်းတွေ စွတ် ညှိတ်ပြလိုက်တာ။ အမယ်... မြစ်စောင့်နတ် သဘောတွေခွေ့ပြီး ရှိသမျှ ပုဆိန်တွေ အကုန် ပေးချလိုက်ပါရောလား။

အို... ဘယ်ပြောကောင်းမလဲ ပေးလိုက်သမျှပုဆိန်တွေနဲ့ ဟောတစ်ပင် ဟောတစ်ပင် ခုတ်ပစ်တာ ဘယ်မလဲ သစ်ပင်တွေ ဟမ်!
... ... ... ...
"ဟေ! ဒါ... ဒါဆို...! မြစ်စောင့်နတ်ပေါ့" သိကြားမင်းရော၊ ဘောကွင်း စွပ် အိမ်စောင့်နတ်ရော လှည့်အကြည့်... တချိန်လုံးငြိမ်နေတဲ့ မြစ်စောင့်နတ် ခေါင်းကို ငေါက်ကနဲ ထထောင်တယ်။

သိကြားမင်းလည်း ဇာတ်ရည်လည် သွားတယ်။

"ဒါနဲ့" သိကြားမင်းက ရုက္ခစိုးကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး "အဲဒါ ဘာစတိုင်လား"

"ဪ... ဒါလား... တစ်ပင်လဲ တစ်ပင်ရွှေ့နဲ့... ကျုပ်လဲ နောက်ဆုံး အပင်မရှိလို့ ခုလိုရေကူးဘောင်းဘီနဲ့ ကပ်နေလို့ရတဲ့ အပင်ကို ရောက် ရောပေါ့ အာစရိရယ်။"

"ဘာပင်တုန်း"

"ဗေဒါပင်လေ"

တိန်!

- မှတ်စုကြမ်း #kyawnge