နောက်ဆုံး တင်သမျှ

Wednesday, 21 September 2016

ပြည်သူ့အမြင်(၁၃)


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ တတိယပတ်အတွင်း ဗြိတိန်နှင့် အမေရိကန်သို့ သွားရောက်လည်ပတ်နေချိန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ (MIL) ကို ဆွေးနွေး အတည်ပြုရန်အတွက် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ တင်သွင်းလာသည်က တိုက်ဆိုက်မှုတစ်ခု ဖြစ်ချင်မှ ဖြစ်နိုင်ပေလိမ့်မည်။

မြန်မာအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးသွားမည်ဟု အမေရိကန်သမ္မတ၏ ထုတ်ဖော် ကြေညာချက်ထွက်ပေါ်လာမှု၊ တစ်ဖန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ရေး နိုင်ငံခြား ကုမ္ပဏီလုပ်ငန်းများကို ပွင့်လင်းစွာ ဖိတ်ခေါ်လိုက်ခြင်း တို့ကြောင့် အနောက်အုပ်စု မီဒီယာအသိုင်းအ၀ိုင်းနှင့် စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များထံမှ စိတ်အား ထက်သန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

အတိတ်ကာလက နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျင်း၍ အာဏာရှင်ဆန်ဆန် ချုပ်ကိုင် လုပ်ကိုင်မှုနှင့် ခွဲခြားလုပ်ကိုင်မှုပုံစံများ ရှိနေခဲ့လင့်ကစား ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို တန်းတူ အခွင့်အရေးပေးခြင်းကသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဆိုသော ယူဆချက်တစ်ခုက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ထားခဲ့သည်။ ယင်းသို့ဆိုပါက MIL သည်လည်း သာတူညီမျှမှုရှိသော အက်ဥပဒေတစ်ခုပေလား။

အဆိုပြုထားခဲ့သည့် MIL ဥပဒေတွင် ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် သီးခြားပြဌာန်းချက် များကို ပေါင်းစပ်ပေးထားပြီး စက်မှု၊ စီးပွားရေးနှင့် အခြားစီးပွားဖြစ် လုပ်ငန်းလုပ်ဆောင်မှုများ အတွက် ရင်းနှီး မြှုပ်နှံမှုများနှင့် စပ်လျင်း၍ အစိုးရ၏ မူဝါဒနှင့် ပြဌာန်းချက်များပါ အခန်း ၁၉ ခန်းပါ စာတမ်းတစ်ခုအဖြစ် ဖန်တီးထားသည်။

ယင်းကဲ့သို့သော ဥပဒေတစ်ရပ်တွင် ထင်သာမြင်သာမှုအရှိဆုံး ရည်ရွယ်ချက်တစ်ခုမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများကို ပြည်တွင်းက မြန်မာနိုင်ငံသားများ ရရှိနေသည်တို့ထက် မလျော့သည့် အခွင့်အရေး ပေးရန်ဖြစ်သည်။ ယင်းသည်လည်း ပြည်ပနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများထံမှ ကာလကြာ တောင်းဆို လိုလားနေသည့် အရာပင်ဖြစ်သည်။

ပွင့်လင်းမြင်သာမှုရှိပြီး တရားဥပဒေစိုမိုးမှု ရှုထောင့်မှနေ၍ ယင်းကဲ့သို့သော နည်းလမ်းချဉ်းကပ်မှုမျိုးကို မူအားဖြင့် လက်တွေ့အကောင်အထည်ဖော်လာချိန်တွင်မူ ယင်းကဲ့သို့သော တစ်သမတ်တည်းရှိသည့် ချဉ်းကပ်မှုပုံစံက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို ပိုမိုအားကောင်းခိုင်မာသွားစေမည်လား သို့တည်းမဟုတ် ယုတ်လျော့သွားစေနိုင်သလား ဆိုသည်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။ ဤနေရာတွင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို ဘယ်လိုနည်းဖြင့် တွန်းအားပေး မြှင့်တင်ပေးနိုင်သနည်းဆိုသည်မှာ နုနယ်သော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေဖြင့် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအများအပြားမှာ ကိုယ်ထူကိုယ်ထ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်နိုင်စွမ်းများကို အားကောင်း စေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ကြဉ်းထားနိုင်ခြင်းကြောင့် ဖြစ်သည်။ လက်ရှိ အနေအထားများအရ MIL မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရေးအပေါ်တွင် အလေးထားအာရုံစိုက်ထားသည့် ပုံပေါ်နေသည်။ တန်းတူညီမျှမှုရှိရေး မူဝါဒတွင် မတူညီသော လူပုဂ္ဂိုလ်များကို ၎င်းတို့၏ ကနဦးလုပ်ဆောင်နိုင်စွမ်းများနှင့် အခြေအနေများအပေါ်မူတည်ကာ ဆက်ဆံပေးခြင်း ပါရှိသည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေတစ်ရပ် ထိထိရောက်ရောက် အောင်မြင်စွာ ဖော်ဆောင်လုပ်ကိုင်နိုင်ရေးအတွက် ယင်းကဲ့သို့သော ချဉ်းကပ်မှုပုံစံကို လိုအပ်သည်။ စီးပွားရေးဥပဒေများ နှင့် မူဝါဒရေးရာ မျှတစွာ ရှင်းလင်းဖော်ပြနိုင်မည့် ဒေသဆိုင်ရာ စည်းမျဉ်းများ ချမှတ်ဖော်ဆောင်ခြင်းတို့ဖြင့်လည်း ရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ရပ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်သည်။ အခြားသော ဥပဒေများနှင့် ကိုက်ညီကာ MIL အနေဖြင့်လည်း သာတူညီမျှမှုရှိမှုဆိုင်ရာ စည်းမျဉ်းများကို မထိခိုက်စေနိုင်သည့် ချဉ်းကပ်မှုပုံစံ တစ်ရပ်လိုအပ်သည်။

MIL တွင် အပြုသဘောဆောင်သည့် လက္ခဏာရပ်များစွာ ရှိသည်။ စီးပွားရေးနှင့်လူမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲရတော့မည့် နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း ယင်းတို့ကို အသိအမှတ်ပြုရန်လိုအပ်သည်။ အဓိကအရေးကြီးဆုံးအချက်မှာ ပြဌာန်းချက်များကို လက်တွေ့ကျင့်သုံးရာတွင် ရှေ့နောက်ညီညွတ်မှုရှိပြီး တစ်သမတ်တည်းကျမှု၊ ကြိုတင်တွက်ဆ၍ရနိုင်မှု နှင့် ရှင်းလင်းတိကျမှုတို့ကို ဖော်ဆောင်ပေးနိုင်ရန် ဖြစ်သည်။

ယင်းအချက်များသည် အတိတ်ကာလက အာဏာရှင်ဆန် လုပ်ဆောင်ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များနှင့် တွေ့ကြုံခဲ့ရပြီးနောက် ပြည်ပနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လိုချင်နေသော အချက်များဖြစ်သည်။ အလားတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူပန်စရာကိစ္စရပ်များကို အလေးထားလုပ်ဆောင်ရမည့် ပြဌာန်းချက်များလည်း ရှိသည်။ သဘာဝပတ်ဝန်းကျင်အရ ထိခိုက်နိုင်သော လုပ်ငန်းကဏ္ဍနေရာများတွင် ရှိလာမည့် ရင်းနှီးမြှုပ်နှံမှုများကို ပိတ်ပင်ဖယ်ရှားခြင်းတို့နှင့်စပ်လျင်း၍ ပြဌာန်းထားခြင်းဖြစ်သည်။

တိုးတက်မှုနောက်ကျနေသော နယ်ပယ်များတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေး မတူညီသည့် အခွန်အကျိုးခံစားခွင့်များ ပေးထားခြင်းကလည်း သာတူညီမျှဖြစ်စွာ ဒေသဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ပြဌာန်းထားခြင်းဖြစ်သည်။ အလားတူ အပြန်အလှန် ဆင်ခြင်သုံးသပ်ခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတို့ဘက်တွင်လည်း MIL ကို ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပြောင်းလဲမှုများလုပ်နိုင်ရန် ၀ိုင်းဝန်းတိုင်ပင် ဆွေးနွေးမှုများလည်း လိုအပ်မည်ဖြစ်သည်။

သို့သော်လည်း ယင်းတိုင်ပင်ဆွေးနွေးမှုလုပ်ငန်းစဉ်များတွင် အရပ်ဘက်လူမှုအသင်းအဖွဲ့များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒရေးရာ အတွေ့အကြုံရင့်ကျက်သူ ကျွမ်းကျင်ပုဂ္ဂိုလ်များကို ထည့်သွင်းပါဝင်စေပါကလည်း အစိုးရအတွက် အကျိုးရှိစေနိုင်မည်ဖြစ်သည်။ ယင်းမှတဆင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပိုမိုနည်းလမ်းကျ ထိရောက်စေမည့် အခြေခံအထောက်အထားများကို ၎င်းတို့ထံမှ ရရှိမည်ဖြစ်သည်။

သို့ရာတွင်လည်း ဖြေရှင်းရန်လိုအပ်သည့် အရေးကြီးမေးခွန်းတစ်ခုလည်း ရှိနေသေးသည်။ ယင်းမှာ ပြည်တွင်းက စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ဆောင်နိုင်စွမ်းများ၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံသူများ ယင်းတို့၏ စီးပွားရေးလုပ်ငန်းများကို စတင်နိုင်မည့်၊ တိုးချဲ့နိုင်မည့်၊ စုစည်းခိုင်မာစေနိုင်မည့် အလားအလာများကို အစိုးရက မည်ကဲ့သို့ ခိုင်မာအားကောင်းစေနိုင်မည်နှင့်ပတ်သက်၍ MIL တွင် ပြဌာန်းထားခြင်းရှိမရှိ ဆိုသည့် မေးခွန်းပင်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ (MIL) အပိုဒ် ၇၇ တွင် အမျိုးအစားတစ်ခုအလိုက် တိုးမြင့်အားပေးခြင်း လုပ်ဆောင်ချက်ဆိုင်ရာ အချက်မှလွဲ၍ MIL ကို အသုံးပြု၍ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို အားကောင်းတိုးမြင့်စေနိုင်မည့် နည်းလမ်းနည်းရာမျိုး သိပ်ပြီး မရှိလှပေ။ ယင်းအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်အားပေးတော့မည့်အချိန်တွင် ပြည်တွင်းရင်းနှီးမှုများ တိုးတက်အားကောင်းစေနိုင်မည့် နည်းလမ်းများမှာ ဘာတွေ ဖြစ်မည်နည်း။

အစိုးရပိုင်းအနေဖြင့်မူ ပြည်တွင်းက အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ထောက်ပံ့တွန်းအားပေးနိုင်မည့် အခွင့်အလမ်းဖြစ်နိုင်ချေတို့ကို ရှာဖွေဖော်ထုတ်သင့်သည်။ အစိုးရ၏ ရယူလုပ်ကိုင်ခြင်းဆိုင်ရာ မူဝါဒများ၊ ထုတ်လုပ်မှုပိုင်းတွင် ပြည်တွင်းမှ ပါဝင်နိုင်မှု အချိုးစားကို သတ်မှတ်ပေးခြင်း၊ ကုန်သွယ်မှု၊ စီးပွားရေးလုပ်ငန်းများရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ပြည်တွင်းက ပါဝင်ရယူလုပ်ကိုင်နိုင်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများ မျှတသော ကျင့်သုံးလုပ်ဆောင်မှုများ စသည်နည်းလမ်းများဖြင့် အစိုးရက ပြည်တွင်း SMEs များအတွက်လုပ်ဆောင်ပေးသင့်သည်။

ယင်းအချက်များသည် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို တိုးတက်အားကောင်းစေနိုင်မည့် လုပ်ဆောင်မှုများပင် ဖြစ်သည်။ ယင်းတို့ထဲမှ တစ်ချို့ကို MIL တွင် ထည့်သွင်းလုပ်ဆောင်နိုင်သည်။ လက်ရှိ MIL ဥပဒေ၏ နောက်ဆက်တွဲအနေဖြင့် မူ ပြင်ဆင်ရန်လိုအပ်သည့် အခြားဥပဒေများနှင့် ပြဌာန်းချက်များစွာ ရှိနေသေးသည်။ အလားတူ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မဟာဗျူဟာများကိုလည်း ရေးဆွဲဖော်ဆောင်ရန် လိုအပ်နေသည်။ လက်ရှိအချိန်တွင်မူ ပြည်တွင်းရော ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ရယူလုပ်ကိုင်နိုင်သည့် ဒေသတွင်း အထူးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာလည်း ရှိနေလျက်ရှိသည်။