နောက်ဆုံး တင်သမျှ

Thursday, 29 September 2016

မြန်မာပြည်သူတို့ငြိမ်းချမ်းရေး၏ အရသာကိုခံစားလိုကြပါပြီ


စိုးထက်ကျော်
မည်သည့်အခါမျှ မေ့နိုင်တော့မည် မဟုတ် သော မြင်ကွင်းတစ်ခု။
လွန်ခဲ့သည့်နှစ်ပေါင်း ၂၅နှစ်ခန့်က မြင်ကွင်း သာယာလှပသော ရှုခင်းပေါ်တွင် မီးခိုးမည်းများ က အလိပ်လိုက်အလိပ်လိုက် တက်နေတယ်။ ဆောင်းတွင်းမို့ ခိုက်ခိုက်တုန်အောင် ချမ်းလှတယ်။ မီးလှုံလျှင်ပင် ကျောပြင်မှာရေခဲတွေ အချပ်လိုက် ကပ်နေတတ်တယ်။ နှင်းမြူတို့က နံနက် ၁ဝနာရီ ခန့်မှ ပြိုကွဲသွားလေ့ရှိတယ်။ ထိုအခါကျတော့ လည်း မြင်ကွင်းက သာယာလှပဘိခြင်း။
အီမောဘွမ်သည် နီလာသားနှယ် တောက်ပ နေသော ကောင်းကင်ထက်သို့ ထိုးတက်နေတယ်။ တောင်ထွတ်ပေါ်တွင် နှင်းမြူတွေက ဦးထုပ်ချွန် ကြီးတစ်ခုကဲ့သို့ဖြစ်အောင် ဆောင်းပေးထားတယ်။ အလွန်သာယာလှပသည့်မြင်ကွင်းပင်။
အီမောဘွမ်တောင်ကြီး၏ မြောက်ဘက်တွင် ချိန်ယင်ရေခဲတောင်ကြီးရှိတယ်။တောင်ဘက်တွင် တော့ မရုတ်တောင်ကြောကြီး။ သဘာဝပန်းချီ ဆရာက အနုစိတ်ခြယ်မှုန်းထားသော ပန်းချီကား ချပ်ကြီးမှာ ဝါဒရေးရာပြိုင်ဆိုင်ကြခြင်းတည်းဟူ သော နိုင်ငံရေးပဋိပက္ခများကို မရှင်းနိုင်ကြသူ များကြောင့် အကျည်းတန်နေရတယ်။ သဘာဝ ပန်းချီကားပေါ်တွင် စုတ်ချက်ကြမ်းကြမ်းတွေက နေရာယူလာတယ်။
၁၉၇၆ခုနှစ်များ၏ အလယ်ပိုင်းမှစ၍ စာရေး သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော တိုက်ပွဲများ၏ အနိဋ္ဌာရုံကို လူတိုင်းခံစားဖူးမည်မဟုတ်။ ထိုစဉ် က တွေ့ကြုံခဲ့ရသော ဒေသခံတိုင်းရင်းသားတို့၏ ဘဝကို ကိုယ်တိုင်မမြင်မတွေ့ဖူးသူများအနေဖြင့် စာနာတတ်ဖို့မလွယ်။ ကိုယ်ချင်းစာစိတ်ရှိသည် ဆိုလျှင်လည်း အတိမ်အနက်ကတော့ ကွာခြား ပါတယ်။
ထိုစဉ်က မြစ်ကြီးနားနှင့်ဝိုင်းမော်ကို ဆက် သွယ်ရန် ယခုကဲ့သို့ ဗလမင်းထင်တံတားကြီး ပေါ်ထွန်းလာလိမ့်မည်ဟု အိပ်မက်ပင်မမက်ရဲခဲ့ ကြ။ ဝိုင်းမော်ဆိပ်နှင့်ခတ်ချိုဆိပ်မှ ကူးတို့သင်္ဘော များပင် အချိန်မှန်မထွက်နိုင်။ မြစ်ကြီးနားမြို့သည် ပင် ညနေ၆နာရီကျော်လျှင်ခြောက်ကပ်တိတ်ဆိတ် သွားလေပြီ။ လျှပ်စစ်မီးဆိုတာကလည်း ညနေ ၆နာရီမှ ည ၉နာရီအထိပင် ပုံမှန်မရချင်။ လေယာဉ်ပျံက တစ်ပတ်တစ်ခါဆင်းဖို့ မလွယ်။ ရထားကျပြန်တော့လည်း မန္တလေးကထွက်လာ လိုက်တာ သုံးရက်လောက်ကြာမှ မြစ်ကြီးနား ရောက်တယ်။
မြစ်ကြီးနားမြို့ သံတဲတွင် သင်တန်းပို့ချရန် မြစ်ကြီးနားသို့ သွားရမည်ဆို၍ ရထားဖြင့်ထွက် ခွာလာကြသော စာရေးသူတို့ ဆရာဆရာမအဖွဲ့ သည် မရမ်းဘူတာ မီးလောင်နေသဖြင့် ပက်ပင်း တိုးခဲ့ရတယ်။ ထို့နောက် မဆုံးနိုင်သည့်တိုက်ပွဲ များ၊ သံတဲမှ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းသို့ မျှော်ကြည့်လျှင် ပြည်သူ့စစ်နှင့်ကေအိုင်အေအဖွဲ့ တိုက်ခိုက်နေသည့်မီးခိုးများကို မြင်နေရတယ်။ သေနတ်သံများ ကြားနေရတယ်။ သနားစရာ ကောင်းသည့် ဒေသခံလူထု၊ စိတ်ပျက်ဖွယ် ကောင်းလှသော အတွေ့အကြုံများနှင့် မျှော်လင့် ချက်ကင်းမဲ့သော မျှော်လင့်ချက်။
မြစ်ကြီးနားက ဖုန်းတစ်ခါဆက်လိုလျှင် ၁၂ ရက်ခန့် စောင့်ရတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်(ငြိမ်း)အစိုးရလက်ထက်က ပြည်သူ များ မိုဘိုင်းလ်ဖုန်းကိုင်ကြရတဲ့အချိန်အခါဆိုလျှင် မည်မျှကောင်းမည်နည်း။ အဲဒီကာလ(၁၉၇၆ခုနှစ်) မြစ်ကြီးနားမှ ဖုန်းဆက်ရတော့လည်း အသံကွဲ အောင် အော်ပြောရတယ်။ ကြေးနန်းရိုက်လျှင် လည်း တစ်လကြာချင်ကြာတယ်။ စာထည့်လျှင် သုံးလခန့်ကြာတယ်။ တစ်ခါတလေ ပို့စာပျောက် တယ်။
ကချင်ပြည်နယ်တွင် မြန်မာနိုင်ငံ၏အမြင့်ဆုံး သော ခါကာဘိုရာဇီတောင်နှင့် ပေ ၁ဝဝဝဝ ကျော်သော ရေခဲတောင်ထွတ်များစွာရှိတယ်။ စာ ရေးသူမြင်ဖူးသမျှ ရေတံခွန်များအနက် အမြင့်ဆုံး သော ရေတံခွန်မှာ ချီဖွေမြို့ကလေးနှင့် ဆော့လော် မြို့ကလေးအကြားရှိချောင်းမောချွယ်ရေတံခွန်ကြီး ဖြစ်ပြီး မြင့်မားမတ်စောက်လှသော တောင်တန်း  ကြီးပေါ်မှြေ>ွမဖြူကြီးတစ်ကောင် မေခမြစ်ထဲကို ထိုးဆင်းနေသည်နှင့် တူတော့တယ်။
သဘာဝပန်းချီကားကို ဖျက်ဆီးနေသည်မှာ တိုက်ပွဲများပင်ဖြစ်တယ်။ ဝါဒစွဲအစွန်းရောက်မှု နှင့် သံသယများ၊ သပ်လျှိုသွေးခွဲမှုများနှင့် ကိုလိုနီ သူ့ကျွန်ဘဝ၏ ဆိုးမွေများက ဒဏ်ရာများကို ဖြစ် ပေါ်စေခဲ့တယ်။
အီမောဘွမ်တောင်ကြီး၏ တောင်ဘက်ရှိ မရုတ်တောင်ကြောကြီးမှာထင်းရှူးတောများဖြင့် ပြည့်နှက်နေပါတယ်။ တိုက်ပွဲတွေဖြစ်ပွားရာမှာ ထင်းရှူးတောကြီးကို မီးကူးစက်လောင်ကျွမ်းသွား လေရာ ၁၆ မိုင်ခန့် မီးတောကြီးဖြစ်နေပါတယ်။
စာရေးသူ၏မြင်လွှာပေါ်တွင် တစ်သက်လုံး စွဲနေရတယ်။ မြင်ကွင်းမှာ ဤမြင်ကွင်းပင်။ နေ့ ဘက်တွင် ထင်းရှူးတောများလောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် မီးခိုးမည်းအလိပ်လိပ်တွေက  အီမောဘွမ်တောင်ထွတ်၏ ရေခဲဦးထုပ်ချွန်ကို ဖုံး လွှမ်းလုမတတ်။ ညကျတော့ အပူရောင်စုတ်ချက်  ကြမ်းကြမ်းတို့က အကျည်းတန်လွန်းလှတယ်။
ဖြစ်လိုက်သည့်တိုက်ပွဲတွေကလည်းမဆုံးနိုင်။  နှစ်ဖက်တိုက်ခိုက်ကြခြင်းမဟုတ်။ ရံဖန်ရံခါတွင် သုံးဖွဲ့ကွဲပြီး တိုက်ကြရခြင်း၊ သေလိုက်ကြရသည့် လူတွေမှာလည်း သောက်သောက်လဲပင်။ ၁၉၇၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ထောဂေါတိုက်ပွဲတွင် နှစ်ဖက်သေကျေပျက်စီး ထိခိုက်ဒဏ်ရာရသူ ထောင်နှင့်ချီ၍ရှိတယ်။ တိုက်ပွဲတွင် ညှပ်ပူးညှပ် ပိတ်မိနေသည့်ဒေသခံလူထုမှာလည်း ရာနှင့်ချီပြီး သေကျေပျက်စီးကြရတယ်။
တိုက်ရခိုက်ရသည်ကိုထား သာမန်နေ့စဉ်လူ နေမှုဘဝကပင်လျှင် မည်သည့်လူသားအတွက်မှ မသက်သာပါ။ တပ်မတော်သားလည်း မသက် သာ၊ ရွာသားလည်းမသက်သာ။ မည်သူမျှ အခြေ အနေမကောင်းပါ။ ထင်းရှူးတောကြီးတွေမဆုံး နိုင်အောင် မီးလောင်ကြတယ်။ လူမဆိုထားနှင့် ကျွဲနွားတိရစ္ဆာန်မိုင်းထိသည့် အရေအတွက်ကပင် မနည်းလှ၊ ပြောမယုံ ကြုံဖူးမှသိပါလိမ့်မယ်။
စာရေးသူတို့မျက်စိရှေ့မှာပင် သေသွားကြသူ တွေအများကြီးပင်။ ခြေထောက်ပြတ်သူပြတ်၊ လက်ပြတ်သူပြတ်၊ မျက်စိကန်းခဲ့ရသူ စစ်သား၊ အရပ်သား စုံလှတယ်။ ယခင်က မြစ်ကြီးနား မြို့နှင့် ၂၈ မိုင်ဝေးသော မြစ်ဆုံကိုပင် လွယ်လွယ် သွားလို့မရပါ။ စာရေးသူတွင် ကင်မရာလေးတစ် လုံးရှိခဲ့ရာ မြစ်ဆုံကို ဓာတ်ပုံရိုက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးတယ်။ အကြိမ်ကြိမ်ရောက်သည့်တိုင် မရိုက်နိုင်။ ကျီးလန့်စာစား ဘဝမျိုးပေမို့။ လူမသိ သူမသိ အသက်စွန့်ခဲ့ရသည့် သူရဲကောင်းတွေ အများအပြားရှိခဲ့တယ်။ ထိုအချိန်ကပင်အာသာ ငမ်းငမ်းတပ်မက်ခဲ့ရသည်ကား ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးရမလိုလုပ်ပြီးမှပျက်ခဲ့ရသည့် အကြိမ် ပေါင်းများစွာတွင် မျက်ရည်ကျသူများမှာ-
''သူငယ်ချင်းတို့ရေ သွားကြဦးပေါ့ကွာ။ ပြန် တွေ့ကြသေးတာပေါ့'' ဝမ်းနည်းစွာနှုတ်ဆက်ခွဲ ခွာကြရသည့် ညီအစ်ကိုများ၊ ငြိမ်းချမ်းရေးသာရ ခဲ့လျှင် မည်မျှပျော်စရာကောင်းလေမည်နည်း။
ယခုအခါ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ် များတွင် ဒီမိုကရေစီရေးလှုပ်ရှားမှု၊ ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်မှု၊ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးဆောင်ရွက်မှုနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆောင်ရွက်မှု အစီအစဉ်များမှာ တောင်အာဖရိကနိုင်ငံ၏ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ဒီမိုကရေစီရေးအသွင်ကူးပြောင်းရေး ဖြစ်စဉ်များနှင့် များစွာဆင်တူလျက်ရှိသည့်အတွက် လက်ရှိအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် များအကြား ဆောင်ရွက်နေသော ၂၁ ရာစုပင်လုံ ညီလာခံနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များ အောင်မြင်စေရေးအတွက် တောင်အာဖရိကနိုင်ငံ မှ ဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေး တည်ဆောက် မှု သင်ခန်းစာများရယူရန်လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ပြောကြား လျက်ရှိပါတယ်။
တောင်အာဖရိကနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်း ရေးတည်ဆောက်မှုဖြစ်စဉ်သည် နိုင်ငံတကာ အတွက် အတုယူစရာအခြေအနေတစ်ခုဖြစ်ခဲ့ပြီး နှစ်ပေါင်းများစွာဖြစ်ပွားခဲ့သော လူမှုရေးပဋိပက္ခ၊ ဒေသတွင်းမတည်ငြိမ်မှုနှင့် စစ်ပွဲများကို အပြီး တိုင်ချုပ်ငြိမ်းစေခဲ့သည်မှာ လက်တွေ့ကျသော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တစ်ခုအဖြစ် သမိုင်းတွင်ကမ္ပည်းရေး ထိုးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
သို့သော် ထိုသို့ နိုင်ငံတကာ၏ သမိုင်း စာမျက်နှာထက်တွင် ကမ္ပည်းရေးထိုးနိုင်စေရန် အတွက် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ လွယ်ကူစွာ ဆောင်ရွက်ရသောလုပ်ငန်းမဟုတ်ဘဲ အယူအဆ၊ ယုံကြည်ချက်၊ ကိုးကွယ်ရာလူမျိုးနှင့် အသား အရောင်မတူညီသောတစ်ဖက်နှင့်တစ်ဖက်အကြား တန်းတူညီမျှမှုရှိစေရေး၊ အများပြည်သူ အကျိုး ဖြစ်ထွန်းစေရေးအတွက် နှစ်ပေါင်းများစွာ စိတ်ရှည်သည်းခံခြင်း၊ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ခြင်းများဖြင့်ပေးဆပ်ကာ ဘုံသဘော တူညီမှုများအား တည်ဆောက်ရယူနိုင်ခဲ့ခြင်းသာ ဖြစ်တယ်။
မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဖြစ်စဉ်မှာ တောင်အာဖရိကနိုင်ငံနှင့် အနည်းငယ်မျှကွဲပြားသော်လည်း တောင်အာဖ ရိကနိုင်ငံတွင် ဆောင်ရွက်ခဲ့သောနည်းလမ်းများ အား နမူနာယူ၍ တစ်ဖက်နှင့်တစ်ဖက်အကြား အပြန်အလှန်ယုံကြည်မှုများတည်ဆောက်ကာ ကိုယ်ကျိုးစီးပွားနှင့် အတ္တများအား စွန့်လွှတ်၍  ပြည်သူများ၏ အကျိုးစီးပွားအတွက် တူညီသော ရည်မှန်းချက်များဖြင့် လက်နက်ကိုင်တိုက်ခိုက် မှုအစား စားပွဲဝိုင်းထက်ညှိနှိုင်းဆွေးနွေးအဖြေ ရှာသောနည်းလမ်းများမှတစ်ဆင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို တည်ဆောက်သွားရန်လိုအပ်မည် ဖြစ်ပါတယ်။
အမောဆို့ဖူးသူကရေတစ်စက်၏အရသာကိုသိ တယ်။
ချွေးမထွက်ဖူးသူသည် ရေတစ်ခွက်၏အရ သာပင်မသိ။
စစ်ကို ကြုံဖူးသူမှ ငြိမ်းချမ်းရေးအရသာကို ပိုသိပါမယ်။ စာရေးသူတို့ကား ငြိမ်းချမ်းရေး ကိုမက်မောတယ်။ ငြိမ်းချမ်းရေး၏အရသာကို နှစ်ခြိုက်တယ်။ အပျက်မခံနိုင်၊ အထိအပါးမခံ နိုင်။ မြေစာပင် တိုင်းရင်းသားပြည်သူများ၏ ကြေကွဲရင်နင့်စရာဖြစ်ရပ်များကို နောက်ထပ် မဖြစ်စေချင်။
ငြိမ်းချမ်းရေးကို အလိုလားဆုံးသောသူများ မှာ နှစ်ဖက်တိုက်ခိုက်နေကြသော လက်နက်ကိုင် စစ်သားများနှင့် ကြားကတိုင်းရင်းသားပြည်သူ များပင်မဟုတ်လား။ ပွဲကြည့်ပရိသတ်ကတော့ ကိုယ်ဘက်သို့ ကျည်ဆန်မရောက်သေးသရွေ့ အပြုံးမပျက်။
ထာဝရငြိမ်းချမ်းရေးကိုရယူနိုင်ပါစေ။