နောက်ဆုံး တင်သမျှ

Friday, 30 September 2016

#အာဏာရှင်ဆန်လာသောNLD






NLD ပါတီသည် အတိုက်အခံနှင့် ရပ်တည်ခဲ့စဉ်က အာဏာရှင်စနစ်ကို မကြိုက်လို့ တွန်းလှန်ခဲ့ကြသည် ဆိုသည်ကို အားလုံးသိပြီးသားပဲ ဖြစ်ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်    မဲအပြတ်အသတ်နိုင်ပြီး တောင်ပြိုကမ်းပြိုနဲ့ အစိုးရဖွဲ့နိုင်ခဲ့တယ်။
ရွေးကောက်ပွဲမတိုင်ခင် ကာလများ၌ပင် NLD ပါတီတွင်း အာဏာရှင်ဆန်မှုများ ဖြစ်ပွား    ခဲ့သည်။" NLD ရဲ့ ဆုံးဖြတ်ချက်ကို ဆွေးနွေးလို့ရတယ်။ ဝေဖန်လို့ရတယ်။ ဆန္ဒပြခွင့်တော့ မရှိဘူး" လို့ NLD ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်း က အာဏာရှင်ဆန်တဲ့ အပြောအဆိုများနှင့် မီဒီယာကို ချပြခဲ့တယ်။ ထို့အပြင် NLD ၏ မူဝါဒများ၊ အသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြားပုဂ္ဂိုလ်များအနေဖြင့် ပြောရေးဆိုခွင့်မရှိ ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ NLD ပါတီ၏ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် ကိုယ်တိုင်ပင် ရှမ်းပြည်နယ်မှပါတီဝင်များကို ထုတ်ပယ်ခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြင့်တက် လာသည့်အပေါ် ပါတီကို စော်ကားပါက လိုအပ်လျှင် အာဏာရှင်ဆန်ရမည်လို့ ပြောကြားခဲ့သည်။

#မီဒီယာအပေါ်အာဏာရှင်ဆန်မှု
--------------
ပါတီတွင်းအာဏာရှင်ဆန်မှုများနှင့် စတင်လာခဲ့တဲ့ အစိုးရသစ်ဟာ အစိုးရသစ်စတက်တက် ချင်းမှာပဲ မီဒီယာကဏ္ဍကို စတင်ကန့်သတ်ခဲ့တယ်။ လွှတ်တော်တွင်း သတင်းရယူမည့် မီဒီယာ သမားများကို လွှတ်တော်ပြင်ပ တီဗွီဖန်သားပြင်ပေါ်၌သာ သတင်းရယူခွင့်ပြုခဲ့ပြီး နေရာကန့်သတ် ချက်များ သတ်မှတ်ပေးခြင်းခံခဲ့ရသည်။ မီဒီယာအပေါ် အာဏာရှင်ဆန်ဆန် ထိန်းချုပ်မှုတွေ ကြောင့် မီဒီယာလောကတွင် NLD အစိုးရသစ်ကို အာဏာရှင်ဆန်နေပြီလားဆိုတဲ့ ဝေဖန်ချက်တွေ မြင့်တက်ခဲ့သည်။ ထိုကိစ္စရပ်သည် အစိုးရသစ်၏ အရင်ဆုံး မီဒီယာကဏ္ဍအပေါ် အာဏာရှင် ဆန်စွာ ကိုင်တွယ်ပြခဲ့ခြင်းဖြစ်သည်။

#ဘာသာရေးအပေါ်အာဏာရှင်ဆန်မှု
------------------------
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်းသည် မဘသနှင့်စပ်လျဉ်းပြီး စင်ကာပူ ခရီးစဉ် တစ်ခုတွင် မဘသ မလိုတော့ဘူးဟုပြောကြားခဲ့သည်။ ထိုပြောကြားခဲ့သည့်အပြင် မဘသ အဖွဲ့ အစည်းများနှင့် အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးတဲ့ ပြည်သူလူတွေ ကန့်ကွက်နေသည့် ကြားက မြန်မာနိုင်ငံသို့အပြန်ခရီး ရန်ကုန်လေဆိပ်၌ မဘသ မလိုတော့ဘူးလို့ ထပ်မံပြောကြား ခဲ့ပြီး အာဏာရှင် ဆန်သည့် အပြုအမူ၊ အပြောအဆိုမျိုးဖြင့် ပြည်သူလူထုအပေါ်ဆက်ဆံခဲ့သည်။ ပြည်သူတွေထဲမှ အဖွဲ့အစည်းပေါင်းစုံကို ကိုယ်လေးစားမြတ်နိုးတာကို အားပေးကြသည်။ သို့သော် အားလုံးသည် အစိုးရအောက်မှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူများသာဖြစ်သည်။ ငါနဲ့မတူ ငါ့ရန်သူလို့  သတ်မှတ်ပြီး တိုက်ခိုက်နေခြင်းဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်အစိုးရအဖွဲ့မှ သံဃာတော်များကို ဆန္ဒထုတ်ဖော်မှုအပါအဝင် ဝိနည်းနှင့်မညီ  ပါက အာဏာစက်နှင့် အရေးယူမည်ဟု တရားဝင်ကြေညာချက် ထုတ်ခဲ့သည်။ သာသနာသန့် ရှင်းရေးအတွက် ဓမ္မစက်နှင့် အာဏာစက် ပူးပေါင်းဆောင်ရွက်မည်လို့လဲ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်။ ထုတ်ပြန်ချက်တွေ၊ ပြောကြားချက် တွေနဲ့ပတ်သက်ပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီးပြေးပြီး မြင်ယောင်မိသည်။ အစိုးရသစ် ပြောသလို ထိုအချိန်တုန်းက သပိတ်မှောက် ဆန္ဒပြမှုတွေဟာ သံဃာတော်တွေ ဝိနည်းနဲ့ ညီခဲ့ပါရဲ့လား ဘာသာရေးနှင့်နိုင်ငံရေး သီးခြားစီ ရပ်တည်ခဲ့ကြလို့လားဆိုတဲ့ မေးခွန်းတွေ မေးရ လောက်အောင် အာဏာရှင်ဆန်တဲ့လုပ်ရပ်တွေ တစ်ဖြည်းဖြည်း ပေါ်လွင်လာတာပဲဖြစ်ပါသည်။

#တရားစီရင်ရေးအပေါ်အာဏာရှင်ဆန်မှု
---------------------
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ နေမျိုးဝေကို  နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပုဂ္ဂိုလ်တိုက်ခိုက်ပါတယ်ဆိုပြီး ဖမ်းဆီးအရေးယူခဲ့သည်။ သို့သော် ဒီလိုလုပ်ခြင်းမှာ ဦးနေမျိုးဝေမဟုတ်ပဲ အကောင့်တုနှင့် တမင်ဂွင်ဆင် လုပ်ကြံခဲ့ခြင်းသာ ဖြစ်ခဲ့သည်။ ၎င်းကိစ္စတွင် တရားခံမှာ ဦးနေမျိုးဝေမဟုတ်ကြောင်း အတိအကျသိနေသော်လည်း ချက်ချင်းမလွှတ်ပေးပဲ ရက်အတော်ကြာ ချုပ်ထားပြီးမှ ဦးနေမျိုးဝေကို လွှတ်ပေးခဲ့သည်။ အခု လတ်တစ်လောဖြစ်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်ကိစ္စတွင်လဲ လူ့အခွင့်အရေး ကော်မရှင်သည် ညှင်းပန်း နှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေးဘက်မှမလိုက်ပဲ နှိပ်စက်သူမိသားစုဘက်မှနေ၍ ငွေကြေး နှင့် ကြေအေးပေးရန် စေ့စပ်ပေးခဲ့သည်။ ထိုကိစ္စကို လူ့အခွင့်အရေးကော်မရှင်ကိုင်တိုင် လူ့အခွင့် အရေး ချိုးဖောက်ခံနေရသည်ကို လက်ပိုက်ကြည့်နေသည်ဟု ဝေဖန်ချက်တွေ မြင့်တက်လာသည့် အချိန်မှာ လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းပြီး အရေးယူမယ်၊ တရားစွဲမယ်တွေ ဖြစ်လာခဲ့ ရတယ်။ အဆိုတင်သွင်းသူနှင့် ထောက်ခံဆွေးနွေးသူတွေဟာ NLD ပါတီဝင်တွေပဲဖြစ်နေတာ ဟာလဲ ထူးခြားချက်တစ်ခုလို ဖြစ်ခဲ့ပြီး တရားစီရင်းရေးတွင် အာဏာရှင်ဆန်ဆန် ဖြေရှင်းနေသည် များကို တွေ့မြင်နေရတာပဲဖြစ်ပါသည်။

#လူထုအပေါ်အာဏာရှင်ဆန်ခြင်း
-------------------

ရခိုင်ပြည်အရေးဖြေရှင်းမည့်ကိစ္စတွင် ရခိုင်ကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ကို  ခန့်အပ်သည့် အပေါ် ရခိုင်ပြည်နယ်လွှတ်အမတ်တွေနှင့် ရခိုင်တိုင်းရင်းသားပြည်သူတွေ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရခိုင်ကော်မရှင် ကို ဆန့်ကျင်မှုဟာ နိုင်ငံရေး ရည်ရွယ်ချက်များ ပါဝင်နေကြောင်းဆိုပြီး ကိုယ့်လုပ်ရပ်ကို မထောက်ခံတာနဲ့ တစ်ဘက် အဖွဲ့အစည်းနှင့် ကန့်ကွက်နေတဲ့ ရခိုင်တိုင်းရင်းသား ပြည်သူတွေအပေါ်ကို အာဏာရှင်ဆန်ဆန် ပြောကြားခဲ့သည်။ ထိုကိစ္စတွင် ကိုယ်နဲ့မတူကိုယ့်ရန်သူလို ပြောဆိုခဲ့သည်မှာလဲ အထင်အရှား တွေ့မြင်နိုင်တာပဲဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်သောအလယ် တန်းပြဆရာမကို ပြင်းထန်စွာ သတိပေးခဲ့သည်ဆိုတဲ့ အဖြစ်အပျက် တစ်ခု စက်တင်ဘာလ ၂၈ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ အထကကျောင်းတွင် ဖြစ်ပွားခဲ့သည်။ ထိုကိစ္စ ရပ်သည်လည်း ပြည်သူလူထုအပေါ် ခြိမ်းခြောက်ပြီး အာဏာရှင်ဆန်ဆန် ပြုမှုဆက်ဆံနေ တာပဲ ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် အာဏာရှင်စနစ်ကို မကြိုက်လို့တွန်းလှန်ခဲ့ကြတဲ့ ပါတီကြီး ကိုယ် တိုင် တစ်ဖြည်းဖြည်း အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတာဟာ ဒီမိုကရေစီအတွက် ပြောင်းလဲချိန် တန်ပြီလို့ပြောခဲ့ပေမယ့် အခုလက်တွေ့မှာတော့ ငါမိုကရေစီအဖြစ် ပြောင်းလဲလာနေတာပဲ ဖြစ်ပါ တော့သည်။
-
-
လွမ်းဝေ